ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်ရဲ့ အဓိက နောက်ခံလူ ဝီလီယမ် ဆလီဘာဟာ လနဲ့ချီပြီး ကျောဒဏ်ရာ ဒဏ်ကို ခံစားနေရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပေမယ့်လည်း ပြင်သစ်သားက ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့ သူ့ရဲ့ နောက်ကျောက “လုံးဝ အလုပ်မလုပ်တော့ဘူး” လို့ ပြောခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာ ဆလီဘာဟာ ကျောဒဏ်ရာကြောင့် ရေရှည် အနားယူရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီး တကယ်လို့ ခွဲစိတ်မှုသာ ပြုလုပ်ရမယ် ဆိုရင် ၅ လ အထိ အနားယူရမှာ ဖြစ်တာကြောင့် အာဆင်နယ် အတွက် အကြီးအကျယ် ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။ ပြင်သစ်နဲ့ စပိန်တို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ပွဲချိန် မိနစ် ၃၀ မပြည့်ခင်မှာတင် ဆလီဘာ တစ်ယောက် မြက်ခင်းပြင်ပေါ် လဲကျသွားခဲ့ပါတယ်။
အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီနောက်ခံလူဟာ ပြီးခဲ့တဲ့ မတ်လကတည်းက ကျောဒဏ်ရာကို အောင့်အီး သည်းခံကစားခဲ့ရတာပါ။ ဒါပေမယ့် ဆလီဘာက အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလား ရရှိအောင် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆလီဘာက ပြင်သစ် အသင်း ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အထိ ရောက်အောင်လည်း အံကြိတ် ကစားပေးခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံး မှာတော့ သူလည်း ဒီဝေဒနာကို ဆက်ပြီး မတောင့်ခံနိုင်တော့ပါဘူး။
သူ ကွင်းထဲလဲကျသွားချိန်မှာ သူ့ရဲ့ ဗဟိုနောက်ခံလူ တွဲဖက် ဒါယော့တ် အူပါမီကာနိုကို သူ့ကျောဘက်က “လုံးဝ အလုပ်မလုပ်တော့ဘူး” လို့ ပြောခဲ့ကြောင်း ပြင်သစ် သတင်းဌာန L’Équipe က ဖော်ပြခဲ့ပါတယ်။ လပေါင်းများစွာ လေ့ကျင့်ရေးကို ပုံစံပြောင်းဆင်းခဲ့ပြီး အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံ သောက်သုံးခဲ့ရပြီးနောက်မှာတော့ အခုအချိန်မှာ ခွဲစိတ်ကုသဖို့က အကောင်းဆုံး နည်းလမ်း ဖြစ်လာခဲ့ပြီး ဒီအချက်ကို BBC Sport ကလည်း ထောက်ခံထားပါတယ်။ တကယ်လို့ ခွဲစိတ်မှု လုပ်ဖြစ်ရင်တော့ သူဟာ ၄ လကနေ ၅ လအထိ နားရမှာ ဖြစ်လို့ လာမယ့် ဒီဇင်ဘာလလယ်လောက် အထိ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ အရေးအပါဆုံး နောက်ခံလူကို လက်လွှတ်ရတော့မှာပါ။ ဒါကြောင့် နည်းပြ မီခဲလ် အာတေးတား အနေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တချို့ ချမှတ်ရတော့မှာ ဖြစ်ပါတယ်။
၁။ လက်ရှိ လူစာရင်းကိုပဲ ယုံကြည်မှုပေးခြင်း
ပထမဆုံး နည်းလမ်း ကတော့ အသင်းတွင်းက ကစားသမားတွေ ကိုပဲ ပြန်လည် အသုံးချဖို့ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အင်္ဂလန် ကလပ်တွေထဲမှာ အသားတင် အသုံးစရိတ် စတုတ္ထမြောက် အများဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေက ထိပ်သီး ကလပ်တွေ အတွက် ဘယ်လောက်ပဲ လျှော့ပေါ့ပေးတယ် ပြောပြော၊ အသင်းရဲ့ တခြား နေရာတွေမှာပါ အင်အားဖြည့်ဖို့ လိုအပ်နေချိန်မှာ ခံစစ် တစ်ခုတည်း အတွက် ငွေကြေးတွေ အများကြီး ထပ်သုံးဖို့ မလွယ်ကူပါဘူး။
အာတေးတား အနေနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီက ဆလီဘာ ခြေကျင်းဝတ်နဲ့ ကျောဒဏ်ရာတွေကြောင့် ၁၂ ပွဲလောက် လွဲချော်ခဲ့စဉ်က သူ့မရှိဘဲ အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိပါတယ်။ အဲဒီတုန်းက ဆလီဘာရဲ့ နေရာကို အစားထိုးဖို့ စပိန် နောက်ခံလူငယ် ခရစ္စတီယန် မော့စ်ကွဲယားကို ယုံယုံကြည်ကြည် အသုံးပြုခဲ့တာပါ။
အသက် ၂၂ နှစ်အရွယ် စပိန်လူငယ်လေးဟာ ပရီးမီးယားလိဂ် ကလပ်မှာ ပထမဆုံး ရာသီမှာတင် အထင်ကြီးစရာ ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ ဆလီဘာနဲ့ ဂါဘရီရယ် တို့ရဲ့ တွဲဖက်မှုဟာ ဂါဘရီရယ်က အရှေ့ ကနေ ပိတ်ဆို့ပြီး ဆလီဘာက အနောက် ကနေ လိုက်လံ ရှင်းထုတ်ပေးတဲ့ ပုံစံမျိုးနဲ့ မျှတမှု ရှိနေတာပါ။ ဒါပေမယ့် မော့စ်ကွဲယား ကလည်း အရှေ့တက် ဖျက်ထုတ်ရတာကို သဘောကျတဲ့ proactive နောက်ခံလူမျိုး ဖြစ်တာကြောင့် သူပွဲထွက်လာရင် ဂါဘရီရယ်ပါ ကစားဟန် ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ပီယာရို ဟင်ကပ်ပီယေ ကလည်း ဗဟိုနောက်ခံလူ အဖြစ် ကစားနိုင်ပေမယ့် ရီကာဒို ကာလာဖီအိုရီလိုပဲ ဘယ်ခြေသန် ကစားသမား ဖြစ်လို့ ခံစစ်ကနေ ဘောလုံး ပေးပို့မှု လမ်းကြောင်းတွေကို ကန့်သတ်ချက် ဖြစ်စေနိုင်ပါတယ်။
ကွင်းလယ် ခံစစ်သမားတွေ ဖြစ်တဲ့ ခရစ္စတီယန် နော့ဂတ်နဲ့ ဒီကလန် ရိုက်စ် တို့ဟာ ဗဟိုနောက်ခံလူတွေ အဖြစ် ကစားဖူးတဲ့ အတွေ့အကြုံရှိပေမယ့် ဒါက အစွန်းရောက်တဲ့ ရွေးချယ်မှုမျိုးပဲ ဖြစ်ပါလိမ့်မယ်။ အသင့်တော်ဆုံး ကတော့ ဆလီဘာ အတွက် ညာနောက်ခံလူ အဖြစ် ကစားဟန် ပြောင်းပေးခဲ့ရတဲ့ ဘန်ဝှိုက်ကို ဗဟိုနောက်ခံလူ အဖြစ် ပြန်ထားဖို့ပါပဲ။ ဒါပေမယ့် ဘန်ဝှိုက် ကိုယ်တိုင် ကလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့လို့ ရာသီကြို လေ့ကျင့်ရေးတွေကို လွဲချော်နိုင်တဲ့ ဒဏ်ရာ ပြဿနာ ရှိနေပါတယ်။ တကယ်လို့ အာတေးတား အနေနဲ့ လက်ရှိ အသင်းမှာ ရှိတဲ့ နောက်ခံလူတွေ အပေါ် စိတ်တိုင်းမကျဘူး ဆိုရင်တော့ အပြောင်းအရွှေ့ဈေးကွက် ဘက်ကိုပဲ မျက်စိလှည့်ရတော့မှာ ဖြစ်ပါတယ်။
၂။ ရေတိုဖြေရှင်းချက်များ ရှာဖွေခြင်း
ဒီနွေရာသီမှာ ဆလီဘာရဲ့ နေရာကို အစားထိုးဖို့ ကစားသမားသစ် ဝယ်ယူမယ် ဆိုရင် နည်းလမ်း နှစ်မျိုး ရှိပါတယ်။ တစ်ခု ကတော့ ရေတို အတွက် အဆင်ပြေမယ့် ကစားသမားမျိုးနဲ့ အစားထိုးဖို့ သို့မဟုတ် အနာဂတ်မှာ အသင်းရဲ့ ပွဲထွက် လူစာရင်း ကိုပါ စိန်ခေါ်နိုင်မယ့်သူမျိုးကို ရေရှည် ရင်းနှီးမြှုပ်နှံဖို့ ဖြစ်ပါတယ်။
အက်စတွန်ဗီလာရဲ့ နောက်ခံလူ အက်ဇ်ရီ ကွန်ဆာ ကတော့ ရေတို ဖြေရှင်းချက် အတွက် အကောင်းဆုံး သာဓကပါပဲ။ လာမယ့် ဆောင်းဦးရာသီမှာ အသက် ၂၉ နှစ် ပြည့်တော့မယ့် ကွန်ဆာဟာ ဆလီဘာရဲ့ ဒဏ်ရာ ပြဿနာကြောင့် အာဆင်နယ်နဲ့ သတင်းထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဗဟိုနောက်ခံလူရော၊ နောက်ခံလူ အစွန်အဖျား နေရာတွေမှာပါ ကစားနိုင်တဲ့ သူဟာ အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလား ခရီးစဉ် တစ်လျှောက် နည်းပြ သောမတ်စ် တူချယ်ရဲ့ ယုံကြည်မှုကို ရရှိခဲ့ပြီး ပွဲထွက်ခွင့် ရခဲ့သူပါ။
နည်းပြ အူနိုင်း အမ်မရီရဲ့ ဗီလာ အသင်းမှာ ခံစစ် ကနေ ဘောလုံး စတင် တည်ဆောက်ပုံကို ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် ဆလီဘာလောက်တော့ အမြင့်ဘောတွေမှာ မကျွမ်းကျင်ပါဘူး။ တစ်ဖက် မှာလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်ပြီး ပရီးမီးယားလိဂ် ဖလား ၆ ကြိမ် အထိ ရဖူးတဲ့ ဂျွန် စတုန်းစ် ကတော့ အဲဒီအရည်အချင်း နှစ်ခု စလုံးနဲ့ ပြည့်စုံနေပါတယ်။
တကယ်လို့ ဒီဒဏ်ရာ ပြဿနာသာ အာတေးတား အာဆင်နယ်ကို စတင် ကိုင်တွယ်စအချိန်တုန်းက ဖြစ်ခဲ့မယ်ဆိုရင် မန်စီးတီး ကစားသမားဟောင်းကို ခေါ်ယူဖို့ သေချာပေါက် စဉ်းစားမှာ ဖြစ်ပြီး၊ အိုလက်ဆန်ဒါ ဇင်ချန်ကိုနဲ့ ဂါဘရီရယ် ဂျေဇုစ် တို့လို ကစားသမားမျိုးကို ခေါ်ယူပြီး အနိုင်ရလိုတဲ့ စိတ်ဓာတ်မျိုး သွင်းပေးဖို့ ကြိုးစားမှာပါ။ ဒါပေမယ့် အခုအချိန် မှာတော့ ပြိုင်ဘက် အသင်းက အသုံးမလိုတော့လို့ လက်လွှတ်လိုက်တဲ့ ကစားသမားကို ခေါ်ယူတာက သိပ်ပြီး အလုပ်မဖြစ်ဘူး ဆိုတာကို သူ နားလည်သွားပုံရပါတယ်။ မက်ဆန့်စ် လာခရွားစ် ကိုလည်း ခေါ်ယူဖို့ သတင်းထွက်နေပေမဲ့ အာဆင်နယ် အနေနဲ့ အနာဂတ် အတွက် ပိုမိုမျှော်မှန်းဖို့ တွန်းအား ဖြစ်စေနိုင်ပါတယ်။
၃။ အနာဂတ်အတွက် တည်ဆောက်ခြင်း

ဆလီဘာ ဒဏ်ရာ ကနေ ပြန်ကောင်းလာရင် သူက ပွဲထွက်ခွင့် ပြန်လိုချင်မှာ အသေအချာပါပဲ။ ဝါရင့် ပရို ကစားသမား တစ်ဦး ကတော့ အရံခုံမှာ ထိုင်ရမယ့် အခြေအနေမျိုးကို လက်ခံမှာ မဟုတ်ပေမယ့် လူငယ် ကစားသမား တစ်ဦး ကတော့ လက်ခံနိုင်ခြေ ရှိပါတယ်။
အဲဒီအတွက် ရီးရဲလ်ဆိုစီဒက်ရဲ့ အသက် ၂၀ အရွယ် နောက်ခံလူငယ် ဂျွန် မာတင်က စိတ်ဝင်စားစရာ ပစ်မှတ် ဖြစ်လာပါတယ်။ စပိန် ယူ-၂၁ လက်ရွေးစင် ဖြစ်တဲ့ မာတင်ဟာ ၂၀၂၄-၂၅ ရာသီကုန်မှာတင် ဆိုစီဒက်ရဲ့ ပထမ အသင်းကြီးဆီ ရောက်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ပွဲစဉ်အများစုကို ပွဲထွက်ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အရပ် ၆ ပေ ၂ လက်မ ရှိတဲ့ ဒီဗဟိုနောက်ခံလူဟာ မြေပြင် ဘောလုံးပေးပို့မှုထက် ဝေဟင် ဘောလုံးတွေမှာ ပိုမို အားသာပြီး အလားအလာကောင်းတွေ အများကြီး ရှိနေသူပါ။
တခြား တစ်ဖက်မှာလည်း လိုက်ပ်ဇစ်မှာ ၃ ရာသီ ဆက်တိုက် ပွဲထွက်ခွင့်ရထားတဲ့ အသက် ၂၃ နှစ် အရွယ် ကက်စတယ်လို လု့ခ်ကီဘာ ကတော့ သူဟာ ထိပ်သီး ကလပ် တစ်ခုမှာ ပွဲထွက်ကစားဖို့ ထိုက်တန်သူလို့ ယူဆနိုင်ပေမယ့် သူ့ရဲ့ ပြောင်းရွှေ့ကြေးက မြင့်မားလွန်းတာကြောင့် အာဆင်နယ် အတွက် အခက်အခဲ ဖြစ်စေနိုင်သလို၊ ဘင်ဖီကာ ကြယ်ပွင့် အန်တိုနီယို ဆေးလ်ဗားရဲ့ ပြောင်းရွှေ့ကြေး ကလည်း အလားတူ ပြဿနာမျိုး ရှိနေပါတယ်။
ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ဆုဖလား စိန်ခေါ်မှုဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု ပြဿနာကြောင့် လွဲချော်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ အာတေးတားက “တကယ်လို့ ကျွန်တော်က ဒီဒဏ်ရာရရှိမှု စာရင်းတွေကို ကွန်ပျူတာထဲ ထည့်ပြီး ပရီးမီးယားလိဂ် ဖလား ရဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိလဲလို့ တွက်ခိုင်းရင် ကွန်ပျူတာက ၂ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြပါလိမ့်မယ်” လို့ ရင်ဖွင့်ခဲ့ဖူးပါတယ်။ အဲဒီအတားအဆီးတွေကို ကျော်ဖြတ်ဖို့ ဆန်းသစ်တဲ့ ဖြေရှင်းချက်တွေ၊ ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကစားသမားတွေရဲ့ အနာခံ ကစားပေးမှုတွေ အများကြီး လိုအပ်ခဲ့တာပါ။ အာတေးတား သတိပေးခဲ့သလိုပါပဲ “ကျွန်တော် ကတော့ အဲဒီလောက်နဲ့ တင်းတိမ်နေမှာ မဟုတ်ဘူး။”
အခုတော့ အာဆင်နယ်ရဲ့ ကြံ့ခိုင်မှုဆိုင်ရာ ခေါင်းခဲစရာ ပြဿနာတွေက ထပ်ပြီး စတင်လာပြန်ပါပြီ။ အာတေးတား အနေနဲ့ ဒါကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် သေချာတာ တစ်ခု ကတော့ သူကတော့ အရှုံးပေးပြီး ငြိမ်ခံနေမယ့်သူ မဟုတ်တာပါပဲ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


