ဘရူနို ဖာနန်ဒက်စ် ကတော့ စီးရီးအေ ကလပ် အူဒီးနီးစ် အသင်းမှာ ကစားခဲ့စဉ်က ဂန္ထဝင်တိုက်စစ်မှူး အန်တိုနီယို ဒီနာတာလီ ဆီကနေ အဖိုးတန် သင်ခန်းစာတွေ ရရှိခဲ့ပုံကို ပြောပြလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က သူ့ရဲ့ ကစားသမားဘဝ အရေးပါတဲ့ အူဒီးနီးစ် အသင်းမှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေ အကြောင်း ပြန်လည် ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြောကြားရင်း အသင်းဖော်ဟောင်း ဖြစ်သူ စီးရီးအေ ဂန္ထဝင် အန်တိုနီယို ဒီနာတာလီက သူ့ကို “ဘောလုံးကို ဘယ်လို စနစ်တကျ ကန်ရမလဲ” ဆိုတာကို သင်ကြားပြသပေးခဲ့ကြောင်း ဖွင့်ဟခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်က အီတလီမြေမှာ အူဒီးနီးစ် အသင်းနဲ့ အတူ သုံးရာသီကြာ ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် မှာတော့ စီးရီးအေ ကလပ် ဖြစ်ခဲ့တဲ့ ဆမ်ဒိုးရီးယား အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ၊ အဲဒီကနေမှ တစ်ဆင့် ပေါ်တူဂီ ကလပ် စပို့တင်းစီပီ အသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၁၃-၁၄ ဘောလုံး ရာသီ ကနေ ၂၀၁၅-၁၆ ရာသီ အထိ အူဒီးနီးစ် အသင်း အတွက် စီးရီးအေ ၈၆ ပွဲ ကစားပေးခဲ့ပြီး ၁၀ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ် အူဒီးနီးစ်မှာ ရှိနေစဉ် အချိန်ဟာ ၂၀၀၄ ခုနှစ်က အမ်ပိုလီ အသင်း ကနေ ပြောင်းရွှေ့လာပြီးနောက် သူ့ရဲ့ ကစားသမားဘဝ အများစုကို အူဒီးနီးစ်မှာပဲ ကုန်ဆုံးခဲ့တဲ့ တိုက်စစ်မှူးကြီး ဒီနာတာလီနဲ့ တစ်ချိန်တည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဒီနာတာလီက စီးရီးအေ ၄၄၅ ပွဲ ကစားပြီး ၂၀၉ ဂိုးအထိ သွင်းယူပေးခဲ့သလို စီးရီးအေ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူတွေ စာရင်းမှာ ဆီလ်ဗီယို ပီအိုလာ (၂၇၄ ဂိုး)၊ ဖရန်ချက်စကို တော့တီ (၂၅၀ ဂိုး)၊ ဂန်နာ နော်ဒါးလ် (၂၂၅ ဂိုး)၊ ဟိုဆေး အော်လ်တာဖီနီနဲ့ ဂျူဆက်ပီ မီယက်ဇာ (နှစ်ဦးစလုံး ၂၁၆ ဂိုးစီ) တို့ရဲ့ နောက်မှာ ဆဋ္ဌမမြောက် ဂိုးအများဆုံး သွင်းယူထားသူ အဖြစ် ရပ်တည်နေတဲ့ ဂန္ထဝင် တစ်ဦး ဖြစ်ပါတယ်။
တခြား တစ်ဖက် မှာလည်း ဖာနန်ဒက်စ်က ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (Premier League Player of the Season) ကို ဆွတ်ခူးရရှိခဲ့ပြီး၊ သူ့ရဲ့ တိုးတက်မှု အတွက် အူဒီးနီးစ် အသင်းနဲ့ ဒီနာတာလီ တို့က အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ကြောင်း အသိအမှတ်ပြုခဲ့ပါတယ်။

သူ့ရဲ့ အထင်ကရ ခြေစွမ်းကောင်းတွေနဲ့ ပတ်သက်ပြီး အကြောင်းအရင်းကို ESPN က မေးမြန်းရာမှာ ဖာနန်ဒက်စ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “အဓိက ကတော့ အများကြီး လျှောက်မတွေးနေဖို့ပါပဲ။ ဒါဟာ သိသာထင်ရှားတဲ့ ကြိုးစား အားထုတ်မှု၊ လေ့ကျင့်မှုတွေကြောင့် ဖြစ်သလို၊ ငယ်စဉ်ကတည်းက ကျွန်တော့်ဆီမှာ ဗီဇပါလာတဲ့ အရည်အချင်းတွေ ဖြစ်တဲ့ ဘောလုံးပေးပို့မှုနဲ့ ဂိုးကန်သွင်းမှုတွေကြောင့်လည်း ပါတာပေါ့။”
“ဒါပေမယ့် အဲဒီအရည်အချင်းတွေနောက်မှာ အလုပ်ကြိုးစားမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ကျွန်တော့် အတွက် ခက်ခဲခဲ့တဲ့ အီတလီက အချိန်တွေကို မှတ်မိနေပါသေးတယ်။ အူဒီးနီးစ်မှာ ပထမဆုံးနှစ်တုန်းက ကျွန်တော်ဟာ အီတလီ ဒုတိယတန်းလိဂ် ကနေ ပြောင်းလာခဲ့တာပါ။ အဲဒီအချိန်တုန်းက ယူရို ၅ သန်း ဆိုတာ တန်ကြေး အများကြီးမို့လို့ ‘ငါ့ကို ယူရို ၅ သန်းနဲ့ ဝယ်တာ၊ ငါ ပွဲထွက် ကစားရမှာပဲ’ ဆိုပြီး စိတ်ထဲတွေးပြီး ရောက်လာခဲ့တာ။”
“ဒါပေမယ့် နောက်ဆုံး မှာတော့ အဲဒီမှာ တစ်နှစ်နဲ့ လေးလလောက် အထိ အပြင်းအထန် လေ့ကျင့်ခန်းဆင်းပြီး ကြိုးစားခဲ့ရပါတယ်။ အဲဒီတုန်းက ကျွန်တော့်ကို သီးသန့်ခွဲပြီး နည်းစနစ်ပိုင်း လေ့ကျင့်ပေးခဲ့တဲ့ နည်းပြ နှစ်ယောက် ရှိခဲ့လို့ ကျွန်တော် ပိုပြီး တော်လာခဲ့တာပါ။ ဒါတွေတင်မကဘဲ ကျွန်တော့်မှာ ဒီနာတာလီလည်း ရှိခဲ့ပါတယ်။ သူက ကျွန်တော့်ကို ဘောလုံးကို ဘယ်လို ကန်ရမလဲ၊ ခန္ဓာကိုယ် အနေအထား ဘယ်လို ထားရမလဲ၊ ဘောလုံးမကန်ခင် ခြေလှမ်းတွေကို ဘယ်လို ပြင်ရမလဲဆိုတာတွေ အပြင် ဂိုးသမားရဲ့ ပိတ်ဆို့မှု အနေအထားနဲ့ ကျွန်တော်တို့ ဂိုးကန်သွင်းရမယ့် လမ်းကြောင်း (ထောင့်) တွေကိုပါ သေချာ သင်ပြပေးခဲ့တာ ဖြစ်ပါတယ်။” လို့ ဖာနန်ဒက်စ်က ပြောပြခဲ့ပါတယ်။
လက်ရှိမှာ ဘရူနို ဖာနန်ဒက်စ်ဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ အတူ ရှိနေပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ နိုင်ဂျီးရီးယား အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ပြင်ဆင်နေသလို၊ ဇွန်လ ၁၇ ရက်နေ့တွင် ဒီအာကွန်ဂို အသင်းနဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


