ဘရူနို ဖာနန်ဒက်စ် ကတော့ မန်ချက်စတာယူနိုက်တက်မှာ ၆ နှစ်ကျော်ကြာ ကစားခဲ့တဲ့ သက်တမ်းအတွင်း ပြည်တွင်း ဖလား ၂ လုံးသာ ရရှိခဲ့ပြီး၊ ဒါဟာ သူအသင်းကို စတင်ရောက်ရှိလာချိန်က မျှော်လင့်ထားခဲ့တာထက် နည်းပါးနေကြောင်း ဝန်ခံလိုက်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ၁၃ နှစ်ကြာ ဝေးကွာနေခဲ့သလို ဥရောပ အောင်မြင်မှုတွေနဲ့လည်း ဝေးနေတာ ကြာပါပြီ။
ဒါကြောင့် ဘရူနို ဖာနန်ဒက်စ်က သူ မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့လာစဉ်က စိတ်ကူးယဉ်ခဲ့တဲ့ အောင်မြင်မှုမျိုးကို လက်ရှိအချိန်အထိ အပြည့်အဝ မခံစားရသေးကြောင်း ဝန်ခံခဲ့တာပါ။ ဒါပေမယ့်လည်း အသင်းနဲ့ အတူ အဓိက ဆုဖလားကြီးတွေကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ကြောင်းတော့ ပြောခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၁၉-၂၀၂၀ ရာသီဝက် ကာလမှာ စပို့တင်းလစ္စဘွန်း ကနေ အိုးထရက်ဖို့ဒ်ဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်အထိ ခရာဘောင်ဖလား တစ်လုံးနဲ့ အက်ဖ်အေဖလား တစ်လုံးသာ ရရှိထားပါသေးတယ်။ ဒါ့အပြင် သူဟာ နောက်ထပ် အက်ဖ်အေဖလား ဗိုလ်လုပွဲ တစ်ပွဲ အပါအဝင် ယူရိုပါလိဂ် ဗိုလ်လုပွဲ (၂) ပွဲဖြစ်တဲ့ ၂၀၂၁ ခုနှစ်က ဗီလာရီးရဲလ်နဲ့ ပွဲ၊ ၂၀၂၅ ခုနှစ်က စပါးနဲ့ ပွဲတွေမှာလည်း ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ ဖာနန်ဒက်စ်ရဲ့ ပွဲဦးထွက် ပွဲစဉ်ကတည်းကစလို့ သူဟာ ပြိုင်ပွဲစုံမှာ ယူနိုက်တက် ကစားသမားတွေထဲ ပွဲအများဆုံး (၃၂၇ ပွဲ)၊ ပွဲထွက်ခွင့် အများဆုံး (၃၁၁ ပွဲ)၊ ကစားချိန် မိနစ် အများဆုံး (၂၇,၈၅၅ မိနစ်)၊ သွင်းဂိုး အများဆုံး (၁၀၇ ဂိုး) နဲ့ ဂိုးဖန်တီးမှု အများဆုံး (၁၀၅ ကြိမ်) အထိ ပြုလုပ်ပေးထားပြီး အသင်းရဲ့ အားအထားရဆုံး ကစားသမား အဖြစ် ရပ်တည်နေခဲ့ပါတယ်။
ဒါပေမယ့် ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာတော့ ဒီပေါ်တူဂီ ကွင်းလယ်လူက သူ အင်္ဂလန်မြေကို စတင် ရောက်ရှိလာချိန်မှာ အသင်းလိုက် အောင်မြင်မှုတွေ ဒီထက်မက ပိုမိုရရှိဖို့ မျှော်လင့်ခဲ့ကြောင်း အခုလို ဝန်ခံခဲ့ပါတယ်။ “ကျွန်တော့်အနေနဲ့ ဒီထက်မက ဆုဖလားတွေ ပိုပြီး ဆွတ်ခူးချင်ခဲ့တာ ကတော့ အမှန်ပါပဲ။ ဒါဟာ ကျွန်တော့် ကိုယ်တိုင် အတွက်ရော အသင်း အတွက်ပါ ကျွန်တော် မျှော်လင့်ထားခဲ့သလောက် ဖြစ်မလာခဲ့ပါဘူး။”
“ဒါပေမယ့် ကျွန်တော့်မှာ အရမ်းကောင်းမွန်တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ဗိုလ်လုပွဲ တချို့ကို တက်လှမ်းနိုင်ခဲ့တယ်၊ တချို့ပွဲတွေ နိုင်ခဲ့ပြီး တချို့ပွဲတွေ မှာတော့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ရည်မှန်းချက်က အမြဲတမ်း အကြီးမားဆုံး ပြိုင်ပွဲကြီးတွေမှာ ချန်ပီယံ ဖြစ်ဖို့ပါပဲ၊ ပရီးမီးယားလိဂ် ကလည်း အဲ့ဒီအထဲက တစ်ခုပေါ့။ ကျွန်တော့် ရင်ထဲမှာ အဲ့ဒီအိပ်မက် ရှိနေဆဲ ဖြစ်ပြီး အကောင်အထည်ဖော်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။” လို ပြောကြားသွားခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု ၂၁ ကြိမ် အထိ ပြုလုပ်ပြီး စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပေါ်တူဂီသားက ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (Player of the Season) ကို ဆွတ်ခူးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက နည်းပြ ရူဘင် အမော်ရင်ရဲ့ နေရာမှာ မိုက်ကယ် ကာရစ်ခ်ကို ယာယီ နည်းပြ အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် (၃) နေရာကို သက်တောင့်သက်သာ ရရှိခဲ့ကာ (၂) ရာသီကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ကိုလည်း ပြန်လည် ရရှိခဲ့ပါတယ်။
လက်ရှိမှာ ကာရစ်ခ်ကို အမြဲတမ်း နည်းပြ အဖြစ် အတည်ပြု ခန့်အပ်လိုက်ပြီ ဖြစ်တာကြောင့် လာမယ့် ၂၀၂၆-၂၇ ရာသီမှာ အသင်းရဲ့ အရှိန်အဟုန်က ပိုမိုမြင့်မားလာလိမ့်မယ်လို့ ဖာနန်ဒက်စ်က မျှော်လင့်နေပါတယ်။ “နည်းပြ ကာရစ်က အသင်းဆီ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ အများကြီး သယ်ဆောင်လာပေးခဲ့တယ်လို့ ထင်ပါတယ်။ သူက အကောင်းမြင်စိတ်ရှိအောင် အမြဲကြိုးစားပေးတယ်၊ ဘာလို့လဲ ဆိုတော့ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ အသင်းက နည်းပြ အပြောင်းအလဲ ကာလ ဖြစ်နေလို့ ကစားသမားတွေ အတွက် အမြဲခက်ခဲတဲ့ အချိန် ဖြစ်နေလို့ပါ။”
“သူက အသင်းကို အပြုသဘောဆောင်တဲ့ အပြင် အတွေးအခေါ်သစ်တွေနဲ့ မတူညီတဲ့ ကစားကွက်ပုံစံတွေ ကိုပါ ယူဆောင်လာပေးခဲ့တယ်။ ဒါက တချို့ ကစားသမားတွေ အတွက် ဖိအားတွေ ကနေ ရုန်းထွက်နိုင်ဖို့နဲ့ အသင်းရဲ့ အဓိက ဇာတ်လိုက်တွေ ပြန်ဖြစ်လာဖို့ အတွက် အရေးပါခဲ့ပါတယ်။ ပြီးတော့ ရလဒ်တွေ ကလည်း သက်သေပြနေတာမို့လို့ တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလို ပုံစံကောင်းတွေကို ဆက်ပြီး ထိန်းသိမ်းသွားနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ဘရူနိုက ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


