ပပ် ဂွါဒီယိုလာကို အင်္ဂလန်နဲ့ အီတလီ အသင်းတွေရဲ့ နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် သူကတော့ လောလောဆယ် ဘောလုံးလောကထဲ ပြန်ဝင်ဖို့ စိတ်ကူး မရှိသေးပါဘူး။ ဂွါဒီယိုလာက ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးကို ၁၀ နှစ်ကြာ ကိုင်တွယ်ပြီး ပြီးခဲ့တဲ့ ရာသီကုန်မှာ ရာထူး ကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ မန်စီးတီးမှာ ရှိစဉ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ် အပါအဝင် ဆုဖလားပေါင်း အလုံး ၂၀ အထိ ဆွတ်ခူးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာဟာ သူရဲ့ နောက်ဆုံး ရာသီ မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေနဲ့ လွဲချော်ခဲ့ပေမယ့် ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား တို့ကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။
သူ အီတီဟတ်ကနေ ထွက်ခွာလာပြီးကတည်းက အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အီတလီ လက်ရွေးစင် အသင်းတွေရဲ့ နည်းပြချုပ် နေရာတွေ အတွက် ရေပန်းစားခဲ့ပါတယ်။ ဒီတစ်ပတ် အစောပိုင်းက ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အင်္ဂလန် အသင်း ရှုံးနိမ့်ထွက်ခွာခဲ့ရလို့ နည်းပြ သောမတ်စ် တူချယ်ရဲ့ အနာဂတ်က မရေမရာ ဖြစ်နေသလို၊ အီတလီ အသင်း ကလည်း ၃ ကြိမ်ဆက် ကမ္ဘာ့ဖလား ဝင်ခွင့် လွဲချော်ပြီးနောက် နည်းပြ ဂတ်တူဆိုရဲ့ နေရာကို အစားထိုးဖို့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ၂၀၂၄ ခုနှစ်တုန်းက အင်္ဂလန် အသင်းကို ကိုင်တွယ်ဖို့ နှုတ်ကတိပြုခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ပဲ ရွေးချယ်ခဲ့တာပါ။ နိုင်ငံတကာ အဆင့်မှာ နည်းပြချင်တယ်လို့ ဂွါဒီယိုလာ ကိုယ်တိုင် အရင်က ပြောခဲ့ဖူးပေမယ့် လောလောဆယ် မှာတော့ အခုလို လုပ်ဖို့ အစီအစဉ် မရှိသေးတဲ့ပုံပါပဲ။ ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးနဲ့ အတူ ဆုဖလား အောင်မြင်မှု အားလုံး ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
IlNapolista သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂွါဒီယိုလာက “စိတ်ပိုင်းဆိုင်ရာအရ ဘာမှလိုနေတယ်လို့ ကျွန်တော် မခံစားရပါဘူး။ ကျွန်တော် အသက် ၃၇ နှစ် ကတည်းက စပြီး နည်းပြ လုပ်ခဲ့တာ၊ ကျွန်တော့် ဘဝရဲ့ အရာရာတိုင်းက ဘောလုံးနဲ့ပဲ ပတ်သက်နေခဲ့တယ်။ အခုတော့ ဘောလုံးနဲ့ မဆိုင်တဲ့ တခြားအရာတွေကို လုပ်ရင်း ဘဝကို ရှာဖွေပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
သူက ဆက်ပြီးတော့လည်း “ကျွန်တော့် အလုပ်ကို ကျွန်တော် ချစ်ပါတယ်။ ဒါပေမယ့် အနားယူဖို့ လိုအပ်ပြီလို့ ခံစားရတဲ့ အချိန် တစ်ခုတော့ ရှိတာပေါ့။ တစ်နေ့ကျရင် ‘အိုကေ… ငါ နည်းပြ ပြန်လုပ်ချင်ပြီ’ ဆိုပြီး နိုးထလာမယ့်ရက် ရှိချင်လည်း ရှိလာမှာပါ။ နည်းပြအလုပ်ကို လွမ်းဆွတ် တမ်းတတဲ့ ခံစားချက်မျိုး ရှိလာဖို့ လိုအပ်ပေမယ့် အခုလောလောဆယ်တော့ အဲဒီလို မရှိသေးပါဘူး” လို့ ဆိုပါတယ်။
ဘဝရဲ့ အလှည့်အပြောင်းအသစ်နဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော့်ဘဝကို ဘယ်လို ဖြတ်သန်းမလဲ ဆိုတာ နားလည်အောင် ကြိုးစားနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဂရုစိုက်ချင်လို့ နားဖို့ ဆုံးဖြတ်ခဲ့တာပါ။ သားသမီးတွေနဲ့ရော၊ အခုထက်ထိ သက်ရှိထင်ရှားရှိနေသေးတဲ့ အသက် ၉၅ နှစ် အရွယ် ဖခင်နဲ့ပါ အချိန်ပိုပေးချင်လို့ပါ။ အခု ကျွန်တော့် အသက် ၅၆ နှစ် ရှိပြီ ဆိုတော့ ငယ်ငယ်ရွယ်ရွယ် မဟုတ်တော့ဘူးလေ၊ အမြင်တွေလည်း ပြောင်းလဲလာတာပေါ့။ ဒီဘဝ စာမျက်နှာ အသစ်နဲ့ အသားကျအောင် အခုထိ ညှိယူနေတုန်းပဲ ဆိုပေမယ့် အားလုံး အဆင်ပြေပြေ လည်ပတ်နေပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


