နေမာဟာ ဘရာဇီးလ် အသင်းရဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ်ကို လွဲချော်ဖို့ ရာခိုင်နှုန်း များနေပြီး၊ အဲ့ဒီနောက်ပိုင်း ပွဲစဉ်တွေ မှာလည်း ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့် ရဖို့ အတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဘရာဇီးလ် အသင်း နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ ပြောကြားချက်အရ နေမာဟာ တောင်ပံ နေရာကို အပိုင်စားရတော့မှာ မဟုတ်ပဲ ကစားခွင့်မိနစ်တွေ ရရှိဖို့ အတွက် ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ရာဖင်ညာတို့နဲ့ အပြိုင်လုရတော့မှာ ဖြစ်ပါတယ်။ ဘရာဇီးလ် အသင်း အတွက် (၇၉) ဂိုးနဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူပေးထားတဲ့ အသက် ၃၄ နှစ် အရွယ် တိုက်စစ်မှူးဟာ ဆီလီကာအိုတို့ အတွက် လွန်ခဲ့တဲ့ ၃ နှစ် နီးပါးက နောက်ဆုံး ကစားပေးခဲ့တာ ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ် နှောင်းပိုင်း ဥရုဂွေးနဲ့ ပွဲမှာ ဒူးအရွတ် (ACL) စုတ်ပြဲ ဒဏ်ရာ ရရှိခဲ့ပြီးနောက် အဲလ်ဟီလာ အသင်း အတွက် ၇ ပွဲသာ ကစားပေးနိုင်ခဲ့ကာ ပြီးခဲ့တဲ့နှစ်ကမှ သူ့ရဲ့ ကလပ်ဟောင်း ဆန်းတို့စ် အသင်းဆီ ပြန်လည် ပြောင်းရွှေ့ခဲ့တာပါ။ ဆန်းတို့စ် မှာ ခြေစွမ်းပြန်လည်ကောင်းမွန်လာတာကြောင့် အန်ဆလော့တီရဲ့ ကမ္ဘာ့ဖလား အတွက် ၂၆ ယောက်ပါ လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် လာမယ့် ဇွန် ၁၃ ရက်နေ့မှာ ကစားမယ့် မော်ရိုကိုနဲ့ အဖွင့်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာ ဖြစ်နေပါတယ်။
သူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပနားမားကို ၆-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲ ကိုလည်း လွဲချော်ခဲ့သလို၊ လာမယ့် စနေနေ့ ကလိဗ်လန်းမှာ အီဂျစ်နဲ့ ကစားမယ့် ကမ္ဘာ့ဖလား အကြို နောက်ဆုံး ပြင်ဆင်မှု ခြေစမ်းပွဲ ကိုလည်း ထပ်မံလွဲချော်ဦးမှာ ဖြစ်ပါတယ်။ နေမာ မပါဝင်နိုင်တဲ့ အချိန်မှာ အန်ဆယ်လော့တီဟာ ပနားမားနဲ့ ပွဲတုန်းက ဗင်နီးစီးယပ်စ်၊ ရာဖင်ညာ၊ မားတီးယပ်စ် ကူညာနဲ့ လူအစ် ဟင်နရီကေး တို့ကို တိုက်စစ် ၄ ယောက်တွဲ ပုံစံပြောင်း ကစားကွက် အဖြစ် အသုံးပြုခဲ့ပြီး ကတ်စမီရိုနဲ့ ဘရူနို ဂီမာရေးစ် တို့ကို ကွင်းလယ် ခံစစ် ၂ ယောက်တွဲ အဖြစ် ပွဲထုတ်ခဲ့ပါတယ်။
ဒါကြောင့် နေမာ အနေနဲ့ ကမ္ဘာ့ဖလားမှာ အကျိုးသက်ရောက်မှု တစ်ခု ဖန်တီးချင်တယ် ဆိုရင်တော့ ကွင်းလယ် ဗဟိုနေရာ ကနေပဲ စွမ်းဆောင်ရမှာ ဖြစ်ကြောင်း အန်ဆယ်လော့တီက ဆိုပါတယ်။ ဒါဟာ ပနားမားနဲ့ ပွဲမှာ ဗင်နီးစီးယပ်စ်နဲ့ ရာဖင်ညာတို့ ကစားခဲ့တဲ့ နေရာတွေ ဖြစ်လို့ သူတို့နဲ့ ပွဲထွက်ခွင့် လုရမယ့် သဘောလည်း ဖြစ်ပါတယ်။
အန်ဆလော့တီက “နေမာဟာ သူကစားရမယ့် ပုံမှန်နေရာမှာပဲ ကစားရပါလိမ့်မယ်။ အဲ့ဒါက ကွင်းလယ် ဗဟိုနေရာ ဖြစ်ပြီး သူ တောင်ပံမှာ ကစားလို့ မရတော့ပါဘူး။ သူ တောင်ပံကစားသမား အဖြစ် ကစားမှာ မဟုတ်ဘဲ ကွင်းလယ်ဗဟိုရဲ့ တိုက်စစ်မှူး သို့မဟုတ် ကွင်းလယ် တိုက်စစ် နံပါတ် ၁၀ နေရာ အဲဒီနေရာတွေထဲက တစ်နေရာမှာ ကစားရမှာပါ။ အဲဒီနေရာက ဒီနေ့ပွဲမှာ ဗင်နီးစီးယပ်စ်နဲ့ ရာဖင်ညာတို့ ကစားသွားခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်။”

အခုနှစ် ဘရာဇီးလ် စီးရီးအေ ပြိုင်ပွဲမှာ ဆန်းတို့စ် အတွက် နေမာ ကစားထားခဲ့တဲ့ ၆၈၆ မိနစ် စလုံးဟာ ကွင်းလယ် ဗဟိုနေရာတွေ မှာပဲ ဖြစ်ပြီး ၄၉ ရာခိုင်နှုန်း ကို တိုက်စစ်မှူး အဖြစ်နဲ့ ၅၁ ရာခိုင်နှုန်း ကို ကွင်းလယ် တိုက်စစ် (နံပါတ် ၁၀) အဖြစ် ကစားခဲ့တာ ဖြစ်လို့ အန်ဆလော့တီရဲ့ ပြောကြားချက်က အချက်အလက်တွေနဲ့ ကိုက်ညီနေပါတယ်။
နေမာဟာ လီယွန်နယ် မက်ဆီ၊ အိုင်ဗန် ပါရီဆစ် တို့နဲ့ အတူ နောက်ဆုံး ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ (၃) ကြိမ်စလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့ ရှားရှားပါးပါး ကစားသမား ၃ ဦးထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
ဘရာဇီးလ် အတွက် ၁၂၈ ပွဲ ကစားပေးထားတဲ့ နေမာ့ထက် ပွဲအရေအတွက် ပိုမိုကစားထားသူ ဆိုလို့ ၁၉၉၄ နဲ့ ၂၀၀၂ ကမ္ဘာ့ဖလား ချန်ပီယံ ကာဖူး (၁၄ ပွဲ) တစ်ဦးပဲ ရှိပါတယ်။ ဒါ့အပြင် နေမာရဲ့ ၇၉ ဂိုး ကလည်း ဘောလုံး ဘုရင် ပီလီရဲ့ စံချိန်ဟောင်း (၇၇ ဂိုး) ထက် ၂ ဂိုး ပိုမိုသာလွန်နေတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်း ကွင်းလယ်လူဟောင်း လူကပ်စ် ပါကေးတား အတွက် အသင်းမှာ နေရာပေးဖို့ ရှိမလားလို့ မေးမြန်းရာ မှာတော့ အန်ဆလော့တီက ရယ်မောပြီး အခုလို ဖြေကြားခဲ့ပါတယ်။ “ကမ္ဘာ့ဖလား မတိုင်ခင် အထိတော့ အစီအစဉ် တချို့ကို လျှို့ဝှက်ထားချင်ပါသေးတယ်။ မဟုတ်ရင် ကျွန်တော်တို့ ပြောစရာ အကြောင်းအရာတွေ ကုန်သွားလိမ့်မယ်။ ဒါက ခင်ဗျားတို့ သတင်းထောက်တွေ အတွက်လည်း အကူအညီ ဖြစ်စေမှာပါ၊ ဘာလို့လဲ ဆိုတော့ အခုပဲ ကျွန်တော်တို့ နေမာ အကြောင်း ပြောစရာတွေ ကုန်သလောက် ဖြစ်နေပြီလေ။”လို့ အီတလီသားကြီးက ပါးပါးနပ်နပ် တုန့်ပြန်သွားခဲ့ပါတယ်။
ဘရာဇီးလ် အသင်းဟာ နယူးဂျာစီမှာ မော်ရိုကိုနဲ့ အဖွင့်ပွဲစဉ် ကစားပြီးနောက် ဇွန် ၁၉ ရက်နေ့မှာ ဖီလာဒဲလ်ဖီးယားမှာ ဟေတီ၊ ဇွန် ၂၄ ရက်နေ့ မှာတော့ မိုင်ယာမီမှာ စကော့တလန် တို့နဲ့ ကမ္ဘာ့ဖလား အုပ်စု (C) ပွဲစဉ်တွေကို ဆက်လက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


