နယ်သာလန် အသင်း နည်းပြ ရော်နယ် ကိုးမန်းက အသင်းရဲ့ ‘ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်သူ’ မမ်းဖစ် ဒီပိုင်း အနေနဲ့ လာမယ့် နွေရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အကောင်းဆုံး ပုံစံ ရရှိစေဖို့ အတွက် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝအောင် လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီပိုင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပဖို့ ရက် ၇၀ လောက်ပဲ လိုတော့ချိန်မှာ ဒဏ်ရာကြောင့် လက်ရွေးစင် အသင်း လူစာရင်း ကနေ ချန်လှပ်ခံထားရတာ ဖြစ်ပါတယ်။
ဘရာဇီးလ် ကလပ် ကိုရင်သီယန်မှာ ကစားနေတဲ့ အသက် ၃၂ နှစ် အရွယ် တိုက်စစ်မှူး ဒီပိုင်းဟာ ပေါင်ခြံ ဒဏ်ရာကြောင့် မတ်လအတွင်း ကစားမယ့် နယ်သာလန် လက်ရွေးစင် အသင်း လူစာရင်းမှာ ပါဝင်ခြင်း မရှိပါဘူး။ ဒါပေမယ့် သူဟာ ဒဏ်ရာ အတွက် ကုသမှု ခံယူရင်း အသင်းဖော်တွေနဲ့ အတူ ရှိနေဖို့ နယ်သာလန် နိုင်ငံဆီ လာရောက်ခဲ့ပါတယ်။
ဒီပိုင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ၈ ပွဲမှာ ၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး နယ်သာလန်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ခြေစွမ်းပြခဲ့သူပါ။ ဥရောပဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ အာလင်း ဟာလန်း (၁၆ ဂိုး) တစ်ဦးတည်းသာ ဒီပိုင်းထက် ဂိုးပိုသွင်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ခြေစစ်ပွဲစဉ်တွေ အတွင်းမှာပဲ ဒီပိုင်းဟာ နယ်သာလန် အတွက် စုစုပေါင်း ၅၅ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး ရော်ဘင် ဗန်ပါစီ (၅၀ ဂိုး) ရဲ့ စံချိန်ကို ကျော်ဖြတ်ကာ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
နည်းပြ ကိုးမန်းက မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဒီပိုင်းဟာ လာမယ့် ကမ္ဘာ့ဖလားမှာ အသင်း အတွက် အလွန် အရေးပါသူ ဖြစ်ပေမယ့် ပြိုင်ပွဲမတိုင်ခင် ကြံ့ခိုင်မှု ပြည့်ဝနေဖို့ လိုအပ်တယ်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“သူ (ဒီပေး) က လေ့ကျင့်ရေးကွင်းကို လာခဲ့သလို ကျွန်တော် တို့နဲ့ အတူ နေ့လယ်စာလည်း အတူစားခဲ့ပါတယ်။ ကျွန်တော် သူ့ကို ပြောလိုက်တာက ‘မင်း သတိမထားမိခင်မှာပဲ ကမ္ဘာ့ဖလားက ရောက်လာတော့မှာ’ ဆိုတာပါပဲ။ သူဟာ အကောင်းဆုံး ပုံစံမှာ ရှိနေဖို့ လိုပါတယ်။ ဒါမှသာ သူဖြစ်သင့်တဲ့ ‘ပွဲအဆုံးအဖြတ်ပေးနိုင်သူ’ တစ်ယောက် ဖြစ်လာမှာပါ။ ဒါပေမယ့် မမ်းဖစ် အနေနဲ့ ဒီလို အခြေအနေမျိုးကို အလွယ်တကူ ကြောက်ရွံ့နေမယ့်သူ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။” လို့ ရော်နယ် ကိုးမန်းက ပြောပါတယ်။
နယ်သာလန်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဟာလန်းနဲ့ အိုဒီဂတ်တို့ မပါဝင်နိုင်တဲ့ နော်ဝေကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး၊ လာမယ့် အင်္ဂါနေ့ မှာတော့ အင်ဟိုဗင်မြို့မှာ အီကွေဒေါကို ဧည့်ခံ ကစားသွားရမှာ ဖြစ်ပါတယ်။ နယ်သာလန်ဟာ ၂၀၂၅ ခုနှစ်၊ မတ်လက နေးရှင်းလိဂ် ကွာတားဖိုင်နယ်မှာ စပိန်ကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ရှုံးပွဲ မရှိသေးသလို၊ ပွဲကစားချိန် မိနစ် ၉၀ အတွင်း နောက်ဆုံး ရှုံးနိမ့်ခဲ့တာ ကတော့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက ဂျာမနီနဲ့ ပွဲစဉ်မှာ ဖြစ်ပါတယ်။
နယ်သာလန်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု F မှာ ဂျပန်၊ တူနီးရှား၊ ဥရောပဇုန် ပလေးအော့ဖ် B ဗိုလ်လုပွဲက အနိုင်ရလာတဲ့ အသင်း တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ဒီအုပ်စုမှာ နယ်သာလန် သတိထားရမယ့် အသင်းက ဂျပန် တသင်းတည်း ရှိနေတာကြောင့် အရမ်းကြီး ပွဲမချောင်နေသလို အရမ်းလည်း ပွဲမကြပ်နေပါဘူး။ ကမ္ဘာ့ဖလား မှာတော့ နယ်သာလန်က ထိပ်သီး အသင်းကြီး တစ်သင်း အဖြစ် အမြဲတမ်း သတ်မှတ်ခံရလေ့ ရှိပေမယ့် ဒုတိယ ၃ ကြိမ် ရဖူးပြီး ရွှေရောင် ဆုဖလားကြီး ကိုတော့ တစ်ကြိမ် တစ်ခါမှ မထိတွေ့ဖူးတဲ့ အသင်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


