အာဆင်နယ်မှာ ပထမဆုံးရာသီမှာတင် အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း ဗစ်တာ ယောကရက်စ် အနေနဲ့ သူ့ရဲ့ သွင်းဂိုး စံချိန်နဲ့ ပတ်သက်လို့ ဝေဖန်မှု တချို့နဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီ အခြေအနေ အပေါ် ဆွီဒင် နည်းပြ ဂရေဟမ် ပေါ့တာက အံ့သြမိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဆွီဒင်ဟာ ကမ္ဘာ့ဖလား ကစားရဖို့ ရှိပြီး တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်ဟာ ပေါ့တာ အတွက် အားထားရတဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဆွီဒင် လက်ရွေးစင် အသင်းရဲ့ နည်းပြ ဖြစ်တဲ့ ဂရေဟမ် ပေါ့တာက ဒီရာသီ အတွင်း ဗစ်တာ ယောကရက်စ် အပေါ် ထွက်ပေါ်ခဲ့တဲ့ ဝေဖန်မှု တချို့ကြောင့် သူ့အနေနဲ့ အံ့အားသင့်ခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။ ဗစ်တာ ယောကရက်စ်က ဆွီဒင် အသင်းရဲ့ ကမ္ဘာ့ဖလား ခရီးစဉ် အတွက် အရေးပါဆုံးသော ကစားသမား တစ်ဦး အဖြစ် ဆက်ရှိနေဆဲ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ဗစ်တာ ယောကရက်စ်ဟာ ပြီးခဲ့တဲ့ မတ်လ အတွင်းက ကစားခဲ့သည့် ယူရိုဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် အဆင့်မှာ ပိုလန်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ပွဲကစားချိန် ၈၈ မိနစ်မှာ အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ဆွီဒင်ကို အခုနွေရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲဆီသို့ ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဆွီဒင် လက်ရွေးစင် အသင်း အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၀ အထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဂရိ အသင်းနဲ့ ၂-၂ သရေကျခဲ့တဲ့ ခြေစမ်းပွဲ မှာလည်း အသင်း အတွက် ဖရီးကစ် တစ်ဆင့် ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါသေးတယ်။
ဗစ်တာ ယောကရက်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီက စပို့တင်းလစ္စဘွန်း ကနေ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ စပို့တင်းမှာ ကစားခဲ့တဲ့ နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၀၂ ပွဲမှာ ၉၇ ဂိုး အထိ သွင်းယူကာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး တစ်ဦး အဖြစ် ခြေစွမ်းပြခဲ့ပါတယ်။ အဆိုပါ တိုက်စစ်မှူးဟာ အာဆင်နယ် အသင်းရဲ့ ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရေးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ရေး အတွက် အကူညီပေးခဲ့ပြီး ပြိုင်ပွဲစုံမှာ ၂၁ ဂိုးနဲ့ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရာသီသိမ်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း သူ့ရဲ့ သွင်းဂိုး မှတ်တမ်း အပေါ် မေးခွန်းထုတ်မှု တချို့ ရှိနေဆဲ ဖြစ်ရာ ပေါ့တာက ကလပ် အသင်း အတွက်ရော နိုင်ငံ အသင်း အတွက်ပါ ဗစ်တာ ယောကရက်စ်ရဲ့ အရေးပါပုံကို အောက်ပါအတိုင်း အလေးပေး ပြောကြားသွားခဲ့ပါတယ်။ “သူက နှစ်ပွဲမှာ လေးဂိုး သွင်းပေးခဲ့ပြီး ကျွန်တော် တို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပို့ဆောင်ပေးခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ အကျိုးသက်ရောက်မှုက တကယ့်ကို အံ့မခန်းပါပဲ။”

“အာဆင်နယ် အသင်း ဘက်ကနေ ကြည့်မယ် ဆိုရင်လည်း သူက သူ့တာဝန်သူကျေအောင် ကစားပြခဲ့တယ်၊ ဂိုးတွေ သွင်းပေးခဲ့တယ်၊ အသင်း ကလည်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ သူက ပွဲအများစုမှာ ပါဝင်ကစားပေးခဲ့တာတောင် ဝေဖန်မှုတွေ ခံနေရတုန်းပဲ။ ဒါကတော့ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ လောကရဲ့ သဘာဝပါပဲ။ ဒါပေမယ့် သူ့ကို ကြည့်လိုက်ရင် သူ ဘယ်လောက်အထိ ကြိုးစားအားထုတ်လဲ၊ သူ့အလုပ် အပေါ် ဘယ်လောက် အာရုံစိုက်လဲ ဆိုတာ မြင်နိုင်ပြီး သူဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ ကစားသမား တစ်ယောက်ပါ” လို့ ပေါ့တာက ဆိုပါတယ်။
ပေါ့တာရဲ့ ဆွီဒင် အသင်းမှာ ဗစ်တာ ယောကရက်စ် အပြင် အသုံးပြုနိုင်မည့် အလက်ဇန္တား အိဆက်ခ်လို ကစားသမားလည်း ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း အဆိုပါ လစ်ဗာပူးလ် တိုက်စစ်မှူးက ပြီးခဲ့တဲ့ နွေရာသီက နယူးကာဆယ် ကနေ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ မာဆေးဆိုဒ်ကို ရောက်ရှိလာခဲ့ပြီးနောက် ပထမဆုံး ရာသီမှာ ပုံမှန် ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပါတယ်။
အီဆက်ခ်ဟာ ခြေထောက်ရိုးအက် ဒဏ်ရာကြောင့် ရေရှည် အနားယူခဲ့ရတာကြောင့် အခုရာသီမှာ သွင်းဂိုး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပေါ့တာ ကတော့ သူ့အနေနဲ့ လစ်ဗာပူးလ် အသင်းနဲ့ အတူ အောင်မြင်မှု ကြီးကြီးမားမား ရရှိလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
“သူ မျှော်လင့်ထားသလို၊ သို့မဟုတ် လူတိုင်း မျှော်လင့်ထားသလိုမျိုး ဖြစ်မလာခဲ့ဘူး ဆိုတာ ကတော့ အမှန်ပါပဲ။ ဒါပေမယ့် တစ်ခါတရံမှာ ဒီလိုအရာတွေက ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။ ကျွန်တော်တို့တွေက ကစားသမား တစ်ယောက်ကို ခေါ်ယူလိုက်တာနဲ့ အရာအားလုံးက အလိုအလျောက် ကောင်းမွန်သွားလိမ့်မယ်လို့ ထင်တတ်ကြတယ်။ အဲလက်စ် (အိဆက်ခ်) နယူးကာဆယ်မှာ ဘာတွေလုပ်ပြခဲ့လဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ်က သူ့ကို ကစားစေချင်တဲ့ ပုံစံနဲ့ သူ ဘယ်လိုအသားကျအောင် ကစားမလဲဆိုတာက စကားပြောပါတယ်။ ကစားသမားရဲ့ အရည်အသွေးက ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ အသင်းလိုက် ဘယ်လို ပေါင်းစပ်ကစားမလဲ ဆိုတာပဲ ဖြစ်ပါတယ်။”
ဒဏ်ရာတွေ ရခဲ့တာက သူ့အတွက် စိတ်ပျက်စရာ ကောင်းပေမယ့် သူက တကယ့်ကို တော်တဲ့ လူငယ် တစ်ယောက်ပါ။ ကစားချင်စိတ် အပြည့် ရှိပြီး အသင်းကို ကူညီချင်စိတ် ရှိပါတယ်။ ကစားသမား ဘဝမှာ အနိမ့်အမြင့် အတက်အကျ ရှိတတ်ပေမဲ့ သူ့ရဲ့ လူအချိုးအစား စိတ်ဓာတ်ပိုင်းနဲ့ ကစားသမား တစ်ယောက်ရဲ့ အရည်အသွေး ကတော့ ကျွန်တော်တို့ ဘက်က ကြည့်ရင် ငြင်းပယ်လို့ မရအောင် ကောင်းမွန်ပါတယ်” လို့ ပေါ့တာက ရှင်းလင်း ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


