ရိုမယ်လူ လူကာကူ ကတော့ စီးရီးအေ ကလပ် နာပိုလီနဲ့ ရှိနေတဲ့ ဆက်ဆံရေးကို ပြန်လည် အဆင်ပြေအောင် ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၇ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမယ့် သူ့ရဲ့ စာချုပ်သက်တမ်း မကုန်မီ အသင်း ကနေ စောစောစီးစီး ထွက်ခွာဖို့ အစီအစဉ် မရှိတော့ကြောင်း သိရပါတယ်။
လူကာကူက သူ့အနေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အထိ အသင်းမှာ ဆက်ရှိနေဖို့ ရည်ရွယ်ထားသလို “နာပိုလီ အပေါ်ထားတဲ့ အချစ်တွေ ကလည်း အပြောင်းအလဲမရှိ တည်ရှိနေဆဲပဲ” လို့ ပြောကြားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် သြဂုတ်မှာ နာပိုလီကို ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူက အသင်းမှာ ကစားရတဲ့ သူ့ရဲ့ ဒုတိယမြောက် ရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး စီးရီးအေ ပြိုင်ပွဲမှာ လူစားဝင် ကစားသမား အဖြစ် ၅ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
ဒါ့အပြင် လူကာကူက ၂၀၂၅-၂၆ ဘောလုံး ရာသီ အတွင်း စီးရီးအေ ကလပ် အသင်းနဲ့ အဆင်မပြေမှု တချို့ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ မတ်လ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာ နာပိုလီရဲ့ လေ့ကျင့်ရေး စခန်းကို ပြန်လာဖို့ ညွှန်ကြားချက်ကို ဂရုမစိုက်ဘဲ နေခဲ့တာကြောင့် အဲဒီအချိန် ကတည်းက အသင်း အတွက် ပြန်လည် ပါဝင်ကစားခွင့်ရခြင်း မရှိတော့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း နာပိုလီ နည်းပြ ဖြစ်တဲ့ အန်တိုနီယို ကွန်တီက လူကာကူ တစ်ယောက် တံကောက်ကြော ဒဏ်ရာကို ဘယ်လ်ဂျီယံနိုင်ငံမှာ ဆက်လက် ကုသဖို့ ခွင့်ပြုချက် တောင်းခံဖို့ လေ့ကျင့်ရေးကွင်းဆီ လာရောက်ခဲ့စဉ် သူအား လာရောက် တွေ့ဆုံ စကားပြောဆိုခြင်း မရှိခဲ့တဲ့ အတွက် “စိတ်ပျက်မိရုံကလွဲလို့ တခြား မရှိဘူး” လို့ ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။

ကွန်တီက ဒီရာသီ အကုန်မှာ စီးရီးအေ ကလပ် နာပိုလီ ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး လစ်လပ်နေတဲ့ အီတလီ လက်ရွေးစင် အသင်း နည်းပြ ရာထူးနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း လူကာကူ ကတော့ ၂၀၂၇ ခုနှစ် ဇွန်လအထိ ချုပ်ဆိုထားတဲ့ သူ့ရဲ့ လက်ရှိစာချုပ် အတိုင်း အသင်းမှာ ဆက်နေမှာ ဖြစ်ပြီး ကွန်တီနဲ့ အတူ လိုက်ပါ ထွက်ခွာသွားဖို့ အစီအစဉ် မရှိပါဘူး။
လူကာကူက သူ့အနေနဲ့ ဘယ်လ်ဂျီယံမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ RTBF သတင်းဌာနကို အခုလို ပြောကြားခဲ့ပါတယ်။ “အီတလီ မီဒီယာတချို့က ဒီအကြောင်းအရာကို ပုံဖော်တင်ဆက်ခဲ့ကြတဲ့ ပုံစံ အပေါ် ကျွန်တော် နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ သူတို့တွေက အရမ်းချဲ့ကားပြောခဲ့ကြတာပါ။ ကျွန်တော်က ဘယ်လ်ဂျီယံကို အပန်းဖြေဖို့ လာခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံကို အမြန်ဆုံး ပြန်ရချင်လို့ လာခဲ့တာပါ။ အခုတော့ ကလပ် အသင်းနဲ့ ဆက်ဆံရေးက အားလုံး အဆင်ပြေသွားပါပြီ။ ကျွန်တော် ဘာကြောင့် အဲဒီလို ပြုမူခဲ့ရလဲ ဆိုတာ ကိုလည်း နားလည်ပေးကြပါတယ်။ အသင်း အပေါ်ထားတဲ့ ကျွန်တော့်ရဲ့အချစ်တွေက အရင်အတိုင်းပါပဲ။ ကျွန်တော့်မှာ စာချုပ်သက်တမ်း ကျန်ပါသေးတယ်။ ကျွန်တော်က နာပိုလီ ကစားသမားပါ၊ အသင်း ကနေ ထွက်ခွာခွင့်တောင်းတတ်တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။” လို့ လူကာကူက ပြတ်ပြတ်သားသား ဖွင့်ဟသွားခဲ့ပါတယ်။
လူကာကူ ကတော့ လက်ရှိမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပေမယ့်လည်း လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ဘယ်လ်ဂျီယံ အသင်းရဲ့ လူစာရင်း မှာတော့ ရွေးချယ်ခြင်း ခံထားရပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက ဝေးလ်စ်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် နောက်ပိုင်း နိုင်ငံ လက်ရွေးစင် အသင်း အတွက် ပါဝင်ကစားပေးနိုင်ခဲ့ခြင်း မရှိသေးပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


