ဒီနွေရာသီမှာ စီးရီးအေ ကလပ် ရိုးမား အသင်းဟာ ကစားသမားသစ် နှစ်ယောက်ပဲ ခေါ်ယူထားနိုင်ပါသေးတယ်။ ဒါကြောင့် ရာသီသစ် မစတင်ခင် အပြောင်းအရွှေ့ ကိစ္စတွေကို ပိုပြီးမြန်မြန်ဆန်ဆန် လုပ်ဆောင်ကြဖို့ နည်းပြချုပ် ဂျီယန်ပီရို ဂက်စ်ပီရီနီက ကလပ် အသင်းကို တိုက်တွန်းလိုက်ပါတယ်။
အတ္တလန္တာ အသင်းကို ဆယ်စုနှစ် တစ်ခုနီးပါး ကိုင်တွယ်ခဲ့ပြီးနောက် ဂတ်စ်ပီရီနီဟာ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ရိုးမား အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး အီတလီမြို့တော် ကလပ်မှာ ချက်ချင်းဆိုသလို သက်ရောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရိုးမား အသင်းဟာ ယူဆီဘီယို ဒီ ဖရန်ဆက်စကို လက်ထက် ၂၀၁၇-၁၈ ရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ရခဲ့သလို၊ အဲဒီရာသီ (၇၇ မှတ်) နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် စီးရီးအေမှာ ရမှတ် ၇၀ ကျော် (၇၃ မှတ်) အထိ ရယူနိုင်ခဲ့တာပါ။ ဂတ်စ်ပီရီနီဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားနဲ့အတူ စီးရီးအေ ၃၈ ပွဲမှာ ၂၃ ပွဲ အထိ အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ် (၄ ပွဲသရေ၊ ၁၁ ပွဲရှုံး)။ ရာသီအကုန် မှာလည်း ၅ ပွဲ ဆက်တိုက် နိုင်ပွဲ ရကာ အဆင့် ၃ နဲ့ ရာသီပိတ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီနွေရာသီ မှာတော့ သူတို့ဟာ ဗီရိုနာ ကနေ ဒန်နီရယ် ဂီလာဒီကို ခေါ်ယူထားတာနဲ့ အက်စတွန်ဗီလာ ကနေ အငှားနဲ့ လာကစားနေတဲ့ ဒွန်ယဲလ် မာလန်ကို အပြီးသတ် စာချုပ်ချုပ်တာ၊ ဒီနှစ်ပွဲပဲ အပြောင်းအရွှေ့ ပြုလုပ်ထားနိုင်ပါသေးတယ်။ ဒါ့အပြင် ရိုးမား အသင်းရဲ့ နောက်ခံလူ ဇီကီ ချယ်လစ်ခ် ကလည်း စာချုပ် သက်တမ်း ကုန်ဆုံးပြီးနောက် ပြိုင်ဘက် စီးရီးအေ ကလပ်ဆီကို မမျှော်လင့်ဘဲ ပြောင်းရွှေ့သွားခဲ့ပါသေးတယ်။
နောက်ခံလူ ချယ်လစ်ခ် ထွက်ခွာသွားတာနဲ့ ပတ်သက်ပြီး ဂတ်စ်ပီရီနီက သိပ် စိတ်ပူမနေပေမယ့် ရိုးမား အနေနဲ့ ဈေးကွက်ထဲမှာ အခုထက်ပိုပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားဖို့ လိုတယ်လို့ ယုံကြည်နေပါတယ်။ “ချယ်လစ်ခ်က စာချုပ်ကုန်သွားတာပါ။ ဒါပေမယ့် ယေဘုယျ ပြောရရင် အပြောင်းအရွှေ့ ဈေးကွက်က အရမ်းမြန်တာမို့ ကျွန်တော်တို့ ဒီထက်ပိုပြီး ကောင်းကောင်း လုပ်နိုင်ဖို့ လိုပါတယ်။ ဒီနှစ်က ကမ္ဘာ့ဖလား ပြိုင်ပွဲလည်း ကြားထဲမှာ ရှိနေသလို၊ ကျွန်တော် တို့ရဲ့ အားကစား ဒါရိုက်တာ ဒီအာမီကို ကလည်း ဇွန်လကျမှ ရောက်လာတာ ဆိုတော့ နည်းနည်းတော့ ထူးခြားတဲ့နှစ်လို့ ပြောရမယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ စပြီး လှုပ်ရှားနေပါပြီ။ ပြီးခဲ့တဲ့ ရာသီက ချယ်လစ်ခ် စွမ်းဆောင်ပေးခဲ့တာတွေ အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်း ပိုပြီး တောင့်တင်းလာမယ်၊ ဒီထက် ပိုကောင်းလာမယ် ဆိုတာ ကိုတော့ အသေအချာ ယုံကြည်ပါတယ်” လို့ ဂတ်စ်ပီရီနီက ပြောသွားပါတယ်။
ဒါ့အပြင် ဂတ်စ်ပီရီနီက ရိုးမား အသင်း အနေနဲ့ ခရစ္စန်စီယို ဆမ်းမားဗေးလ်၊ မေဆန် ဂရင်းဝုဒ် တို့နဲ့ ဆွေးနွေးမှုတွေကို ရပ်တန့်ခဲ့ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ ဂရင်းဝုဒ် ကတော့ ဖီနာဘာချီ အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၆၈ နှစ် အရွယ် နည်းပြကြီးရဲ့ အဆိုအရ ပြီးခဲ့တဲ့ရာသီက ရုန်းကန်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားဟောင်းတွေထက် အခုမှ ရောက်လာမယ့် ကစားသမားသစ်တွေကို လုပ်ခလစာ ပိုပေးတာဟာ မတရားဘူးလို့ ယူဆနေတာပါ။
ဆမ်းမားဗီးလ်နဲ့ ဂရင်းဝုဒ် တို့ရဲ့ ကိစ္စအပေါ် ဂတ်စ်ပီရီနီက “သူတို့က ရိုးမားရဲ့ ဘဏ္ဍာရေး အင်အားနဲ့ ကိုက်ညီတဲ့ ကစားသမားတွေလား ဆိုတော့ သိသာပါတယ်၊ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ အသင်းရဲ့ ငွေကြေး မတတ်နိုင်လို့မဟုတ်ဘဲ ကျွန်တော်တို့ ဘက်က ရွေးချယ်မှုကြောင့်ပါ။ အသင်းမှာ လစာ သတ်မှတ်ဖို့ ဆုံးဖြတ်ထားပြီး ဒါဟာ မှန်ကန်တယ်လို့ ကျွန်တော် မြင်တယ်။ ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် လုပ်ပေးခဲ့တဲ့သူတွေရဲ့ အထက်မှာ အခုမှ ရောက်လာတဲ့ သူက လစာပိုရပြီး ချက်ချင်း ကျော်တက်သွားတာမျိုးက ကြည့်လို့ မကောင်းဘူးလေ” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရိုးမား အသင်းဟာ ကစားသမားသစ် အများကြီး မခေါ်နိုင်သေးပေမယ့် အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ပေါ်လို ဒီဘားလား၊ ဘရိုင်ယန် ခရစ္စတန်တေးနဲ့ ဂျန်လူကာ မန်စီနီ တို့ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့တာကြောင့် အပြုသဘောဆောင်တဲ့ လှုပ်ရှားမှု တချို့တော့ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


