လစ်ဗာပူးလ် ကတော့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ၃-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ လစ်ဗာပူးလ်ဟာ စိတ်ပျက်စရာ ကောင်းလှတဲ့ သူတို့ရဲ့ ရာသီ အတွက် နောက်ထပ် ရလဒ်ဆိုး တစ်ခုနဲ့ ထပ်မံ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒီပွဲ အပြီးမှာ အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ်က လစ်ဗာပူးလ် အသင်း အနေနဲ့ ဒီလို လက်ခံနိုင်စရာ မရှိတဲ့ ရာသီ အတွက် ကိုယ့်ကိုယ်ကို သနားနေခြင်း သို့မဟုတ် ဆင်ခြေပေးနေခြင်းမျိုး မလုပ်သင့်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ပရီးမီးယားလိဂ် ရာသီကုန်ဆုံးဖို့ ၃ ပွဲသာ လိုတော့တဲ့ အချိန်မှာ အာနေး ဆလော့တ် အသင်းက အမှတ်ပေးဇယား အဆင့် (၄) နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်ဟာ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့တော့ လက်ရှိအချိန်ထိ လုံးဝ သေချာ ရေရာနေခြင်း မရှိသေးပါဘူး။
ကြိုးကြာနီတွေဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံ ဖြစ်ခဲ့တဲ့ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းဖို့ အပြောင်းအရွှေ့ ဈေးကွက်မှာ ငွေကြေး အမြောက်အမြား သုံးစွဲခဲ့ပေမယ့်လည်း၊ ဒီရာသီမှာ အသင်းရဲ့ ခြေစွမ်းက အားရစရာ မရှိဖြစ်နေတာကို အသင်းခေါင်းဆောင် ဗန်ဒိုက်ခ်က လက်ခံထားတာ ဖြစ်ပါတယ်။
“ကျွန်တော် ဒီနေရာကို ဆင်ခြေပေးဖို့ ရောက်လာတာ မဟုတ်ပါဘူး။” လို့ BBC Sport နဲ့ အင်တာဗျူးမှာ ဗန်ဒိုက်ခ်က ပြောကြားခဲ့ပါတယ်။ “ဒါဟာ တကယ့်ကို စိတ်ပျက်စရာ ကောင်းတဲ့ ရာသီ၊ လက်ခံနိုင်စရာ မရှိတဲ့ ရာသီ တစ်ခု ဖြစ်ပြီး တကယ့်ကို ခက်ခဲပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဘယ်လိုနည်းနဲ့မှ သနားနေလို့ မဖြစ်ဘူး။ ကျွန်တော်တို့ ကြိုးစားပြီး ဒီအခြေအနေကို ပြောင်းလဲပစ်ရမယ်။ နောက်ရာသီမှာ ဒီလို အမှားမျိုးတွေ မဖြစ်အောင် သေချာလုပ်ရမယ်။ ဒါက လစ်ဗာပူးလ်ရဲ့ ပုံစံမဟုတ်ဘူး။” လို့ ဗန်ဒိုက်ခ်က ဆိုပါတယ်။

လစ်ဗာပူးလ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲ အထိ ရှုံးနိမ့်ထားပြီး ဖြစ်ပါတယ်။ ဒါဟာ လက်စတာစီးတီး အသင်း (၂၀၁၆-၁၇ ရာသီတွင် ၁၈ ပွဲ ရှုံးနိမ့်ခဲ့) က လွဲရင် ချန်ပီယံဟောင်း အသင်း တစ်သင်း အနေနဲ့ ပွဲစဉ် အများဆုံး ရှုံးနိမ့်ထားတဲ့ အသင်း ဖြစ်လာပါတယ်။
ဗန်ဒိုက်က ဆက်လက်ပြီး “ပရီးမီးယားလိဂ် ချန်ပီယံဟောင်း တစ်သင်း အနေနဲ့ အခုလို အကြိမ်ကြိမ် ရှုံးနိမ့်နေတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံလို့ မဖြစ်ပါဘူး။ နောက်ရာသီ အတွက် ပြင်ဆင်ဖို့ လုပ်စရာတွေ အများကြီး ရှိနေပါတယ်။ ကမ္ဘာ့ဖလားက ပြန်လာရင် ကျွန်တော် အဲဒီအပိုင်းကို အာရုံစိုက်မယ်၊ ဒါပေမယ့် နောက်ကွယ်မှာ လုပ်ဆောင်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်တော် ဒီကလပ်ကို အရမ်းပဲ ချစ်ပါတယ်။ ဒီရာသီက ခက်ခဲတယ် ဆိုတာ ကျွန်တော် သိပေမယ့် ကောင်းတဲ့ အချိန် ဖြစ်စေ၊ ဆိုးတဲ့ အချိန် ဖြစ်စေ ကျွန်တော် အမြဲရှိနေမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
နောက်ဆုံး ကျန်ရှိနေတဲ့ (၃) ပွဲ အတွက် ဗန်ဒိုက်ခ်က အခုလိုပဲ အလေးအနက်ထား ပြောကြားခဲ့ပါသေးတယ်။ “ကျွန်တော်တို့မှာ ကျန်တဲ့ ၃ ပွဲ ရှိသေးတယ်။ ကလပ် အသင်းရဲ့ ငွေကြေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့်ရော၊ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေနဲ့ ကစားချင်တာကြောင့်မို့လို့ပါ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အတွက် ကစားသမားတွေ အနေနဲ့ အသင်းလိုက် အသိစိတ်မွေးပြီး ကြိုးစားသွားရမှာပါ။ ဒါက လွယ်တော့မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာ လစ်ဗာပူးလ်က ရမှတ် ၅၈ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရှိနေပြီး အဆင့် ၅ နေရာက ဗီလာနဲ့လည်း ရမှတ် တူညီနေပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်က ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တော့ အားကောင်းနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


