ပပ် ဂွါဒီယိုလာ ကတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးမှာ ဆုဖလား အောင်မြင်မှု များစွာ ရယူနိုင်ခဲ့ပြီးနောက် အလှပဆုံး လမ်းခွဲခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ စပိန်သား နည်းပြကြီးက သူ့ရဲ့ နည်းပြ သက်တမ်းကို ပိုပြီး ပြီးပြည့်စုံ ကောင်းမွန်စေခဲ့တာက ယာဂန် ကလော့ပ်နဲ့ အားပြိုင်မှုတွေကြောင့် ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးမှာ ဆုဖလားပေါင်း များစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာ ခရီးစဉ်ကို ပြန်လည် သုံးသပ်ရင်း ယာဂန် ကလော့ပ် ကိုင်တွယ်ခဲ့တဲ့ လစ်ဗာပူးလ်ကို ရင်ဆိုင်ခဲ့ရခြင်းက သူတို့ အတွက် “အိပ်မက်ဆိုး” တစ်ခုနဲ့ တူတယ်လို့ပါ တင်စား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
စပိန် လူမျိုး နည်းပြကြီးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲမှာ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့ပြီးနောက် စီးတီးဇင် တို့နဲ့ အတူ ဖြတ်သန်းခဲ့တဲ့ အောင်မြင်တဲ့ နည်းပြ သက်တမ်းကို တရားဝင် အဆုံးသတ်ခဲ့တာပါ။ ဂွါဒီယိုလာဟာ အက်တီဟတ်ဆီ ပရီးမီးယားလိဂ် ဖလား ၆ လုံး အပါအဝင် အဓိက ဆုဖလား အလုံး ၂၀ အထိ ယူဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ အနီးစပ်ဆုံး အနေနဲ့ ၂၀၂၅-၂၀၂၆ ရာသီမှာလည်း ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား တို့ကို ထပ်မံ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း သူ အင်္ဂလန်မှာ ရှိနေခဲ့တဲ့ ကာလ တစ်လျှောက်လုံး ကလော့ပ်ရဲ့ လစ်ဗာပူးလ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသည့် အားပြိုင်မှုက ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ဘောလုံး ဝါသနာအိုးတွေရဲ့ အာရုံကို အပြည့်အဝ ဖမ်းစားနိုင်ခဲ့ပြီး နှစ်သင်းစလုံးက အမှတ်ပေးဇယား ထိပ်ဆုံး နေရာ အတွက် တစ်ဖက်နဲ့ တစ်ဖက် အကြိတ်အနယ် အားပြိုင်ခဲ့ကြပါတယ်။
ဂွါဒီယိုလာက သူ့ရဲ့ နည်းပြဘဝ သက်တမ်း တစ်လျှောက်လုံးမှာ ကလော့ပ်နဲ့ ပြိုင်ပွဲစုံ အကြိမ် ၃၀ အထိ ရင်ဆိုင်ခဲ့ရပြီး၊ ဒါဟာ သူ ရင်ဆိုင်ခဲ့ရသမျှ နည်းပြ အားလုံးထဲမှာ အများဆုံး ဖြစ်ပါတယ်။ အဲဒီ တွေ့ဆုံမှု အကြိမ် ၃၀ မှာ ဂွါဒီယိုလာက ၁၁ ပွဲ နိုင်၊ ၇ ပွဲ သရေနဲ့ ၁၂ ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။ သူတို့ နှစ်ဦးရဲ့ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုက ဂျာမနီမြေမှာ ဘေယန်မြူးနစ်နဲ့ ဒေါ့မန် တို့ကို ကိုင်တွယ်ခဲ့ကြစဉ်က စတင်ခဲ့တာ ဖြစ်ပြီး၊ ၂၀၁၃ ခုနှစ် ဇူလိုင်လက ကစားခဲ့တဲ့ ဂျာမန် စူပါဖလား ပွဲမှာ ကလော့ပ်က ဒေါ့မန်ကို ၃-၀ နဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် သမိုင်းကြောင်းကို ပြန်ကြည့်ရင်လည်း ၂၀၁၈-၁၉ ရာသီက လစ်ဗာပူးလ်က ရမှတ် ၉၇ မှတ် အထိ စံချိန်တင် ရရှိခဲ့ပေမယ့်လည်း မန်စီးတီးက ၁ မှတ် အသာနဲ့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီနှစ်မှာပဲ လစ်ဗာပူးလ်က ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး၊ နောက်ရာသီ ၂၀၁၉-၂၀ ရာသီ မှာတော့ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း သူတို့ရဲ့ ပထမဆုံးသော ပြည်တွင်း အမှတ်ပေးချန်ပီယံဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဂွါဒီယိုလာက မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလားကို ၄ နှစ် ဆက်တိုက် ဆွတ်ခူးကာ စံချိန်တင်နိုင်ခဲ့ပြီး၊ လွန်ခဲ့တဲ့ နှစ်နှစ်က ကလော့ပ် အန်ဖီးလ် ကနေ မထွက်ခွာခင် ၂၀၂၁-၂၀၂၂ ရာသီ မှာလည်း လစ်ဗာပူးလ်ကို ကျော်ဖြတ်ကာ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး အနေနဲ့ လစ်ဗာပူးလ်ထက် ဆုဖလား အများစုကို ပိုမိုရယူနိုင်ခဲ့ပေမယ့်လည်း ကြိုးကြာနီတွေက သူ ရင်ဆိုင်ခဲ့ရသမျှ ပြိုင်ဘက်တွေထဲမှာ အခက်ခဲဆုံး အသင်း တစ်သင်း ဖြစ်ခဲ့ကြောင်း ဂွါဒီယိုလာက ဝန်ခံခဲ့ပါတယ်။ မန်စီးတီးရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ဂွါဒီယိုလာက အခုလို ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေရဲ့ အရည်အသွေးအရ ပြောရရင် ပြိုင်ဘက်ကောင်းတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ် ကတော့ တကယ့် ‘အိပ်မက်ဆိုး’ ပါပဲ။ ရင်ဆိုင်ရတဲ့ အကြိမ်တိုင်းဟာ အိပ်မက်ဆိုး တစ်ခုလိုပါပဲ။” လို့ ဂွါဒီယိုလာက ဆိုပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးမှာ ပြိုင်ပွဲစုံ ၅၉၃ ပွဲအထိ ကိုင်တွယ်ခဲ့ပြီး နိုင်ပွဲပေါင်း ၄၁၆ ပွဲ၊ နိုင်ပွဲ ရာခိုင်နှုန်း ၇၀.၃ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး သူ ကိုင်တွယ်စဉ် အတွင်း အသင်းဟာ သွင်းဂိုးပေါင်း ၁,၄၂၃ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ သူဟာ အင်္ဂလန် အဆင့်မြင့်တန်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် ဖလားကို ၄ နှစ် ဆက်တိုက် ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော နည်းပြ ဖြစ်သလို၊ ၂၀၁၇-၁၈ ရာသီမှာ ပရီးမီးယားလိဂ် ရမှတ် ၁၀၀ စံချိန်နဲ့ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော နည်းပြလည်း ဖြစ်ပါတယ်။
အသက် ၅၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နည်းပြကြီးက ပရီးမီးယားလိဂ် သမိုင်းမှာ အနည်းဆုံး ၅ ပွဲနဲ့ အထက် ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ တစ်ပွဲ ပျှမ်းမျှ ရမှတ် အများဆုံး ၂.၂၈ မှတ်နဲ့ အမြင့်မားဆုံး နိုင်ပွဲ ရာခိုင်နှုန်း ၇၁ ရာခိုင်နှုန်း စံချိန်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
အခုလို အောင်မြင်မှု များစွာ ရရှိခဲ့ပေမယ့်လည်း ဂွါဒီယိုလာက နှစ်ပေါင်းများစွာ အပြင်းအထန် အားပြိုင်ခဲ့ရတဲ့ အပေါ်၊ ယာဂန် ကလော့ပ် အပေါ် လေးစားမှုမှ တစ်ပါး တခြား မရှိကြောင်းနဲ့ အခုအခါ သူတို့ နှစ်ဦးစလုံးဟာ နည်းပြ အလုပ် ကနေ အနားယူပြီးပြီ ဖြစ်တာကြောင့် ပြန်လည် ဆုံတွေ့ကာ အတူတူ ညစာစားဖို့ အစီအစဉ် ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော် တို့ရဲ့ ဆက်ဆံရေးက တကယ်ကို ကောင်းမွန်ပါတယ်။ ဂျာမနီမှာ ရှိစဉ်ကတည်းက အမြဲတမ်း အဆင်ပြေခဲ့ကြတာပါ။ သူ ဒေါ့မန်မှာ ရှိတုန်းကလည်း ကျွန်တော်တို့ ထိပ်တိုက်တွေ့ခဲ့ကြတာ အကြိမ်ပေါင်း များစွာပါပဲ။ ကျွန်တော်တို့ တစ်ခါမှ အတူတူ ညစာမစားဖြစ်ခဲ့ကြသေးဘူး။ ဒါပေမဲ့ အခုတော့ အဲဒီလို ဆုံဖြစ်တော့မှာပါ။ ဒီလို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာဟာ ကျွန်တော် အားရ ကျေနပ်မိဆုံး အရာတွေထဲက တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ပထမဦးဆုံး အချက် အနေနဲ့ သူတို့ဟာ တကယ်ကို တော်ကြပါတယ်။ ပြီးတော့ ကျွန်တော် တို့နဲ့ ရင်ဆိုင်ရတဲ့ အချိန်တိုင်းမှာ သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်း၊ အထူးသဖြင့် အန်ဖီးလ်ကွင်းမှာ ဆိုရင် အကောင်းဆုံးသော ပုံစံမျိုးကို ထုတ်ပြနိုင်တယ် ဆိုတာ သူတို့ကိုယ်တိုင်လည်း သိကြပါတယ်။”
“အန်ဖီးလ်ကွင်းမှာ တခြား ကွင်းတွေမှာ မရှိတဲ့ သမိုင်းကြောင်း အစဉ်အလာ ရှိပါတယ်။ အန်ဖီးလ်မှာ နိုင်ပွဲ ရဖို့ ဆိုတာ ဘယ်အသင်း အတွက်မဆို မလွယ်ကူပါဘူး။ ကွင်းရဲ့ လွှမ်းမိုးမှုကြောင့်တင်မကဘဲ သူတို့ ကစားတဲ့ ပုံစံကြောင့်ပါ ကျွန်တော့် အတွက်တော့ တကယ့်ကို ခက်ခဲတဲ့ နေရာတစ်ခု ဖြစ်ခဲ့ရတာပါ။ သူတို့က တကယ့်ကို ထူးခြားတဲ့ အသင်း တစ်သင်းပါ။ ခင်ဗျားသာ ကွင်းထဲမှာ တစ်စက္ကန့်လောက် အာရုံလွတ်သွားတာနဲ့ သူတို့က ခင်ဗျားကို ချက်ချင်း အပြစ်ပေးသွားပါလိမ့်မယ်။ အဲဒီလို သေးငယ်တဲ့ အမှားလေးတွေကြောင့်ပဲ ကျွန်တော်တို့ နှာတစ်ဖျား အလိုနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့ရတာပါ” လို့ ဂွါဒီယိုလာက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


