မိုဟာမက် မိုဟာမက် ဆာလာ ကတော့ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ အောင်မြင်တဲ့ ခရီးစဉ်ကို လာမယ့် ရာသီကုန်မှာပဲ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် ဂန္ထဝင် ဂျေမီ ကာရေဂါက ဆာလာ အနေနဲ့ ဒီနွေရာသီ အန်းဖီးလ် ကနေ ထွက်ခွာသွားချိန်မှာ ခရစ္စတီယာနို ရော်နယ်ဒိုထက် ပိုပြီး ကြီးမားတဲ့ အမွေအနှစ်တွေကို ချန်ထားရစ်ခဲ့လိမ့်မယ်လို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
အီဂျစ် တိုက်စစ်မှူးက အခုဘောလုံးရာသီ အကုန်မှာ ပရီးမီးယားလိဂ်ကို နှုတ်ဆက်မှာ ဖြစ်ပြီး ကာရေဂါက ဆာလာလို စူပါစတား တစ်ဦးကို ဆုံးရှုံးရခြင်းက လိဂ် အတွက် ကြီးမားတဲ့ လစ်ဟာမှု ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် အပေါ် သက်ရောက်မှု အပိုင်းမှာ အာဆင်နယ် ဂန္ထဝင် သီဟာရီ အွန်နရီ တစ်ဦးတည်းနဲ့သာ ဆာလာကို နှိုင်းယှဉ်လို့ ရနိုင်ကြောင်း ကာရေဂါက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ကာရေဂါက “အင်္ဂလန်မှာ ခြေစွမ်းပြခဲ့တဲ့ ပြည်ပ တိုက်စစ်ကစားသမားတွေ ထဲမှာ ဆာလာရဲ့ စွမ်းဆောင်ရည်နဲ့ ပုံမှန် ခြေစွမ်းကို ကျော်လွန်နိုင်တာဆိုလို့ သီယာရီ အွန်နရီ တစ်ယောက်ပဲ ရှိပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို၊ အီဒင် ဟာဇက်၊ ဇိုလာ၊ ဘားကမ့်ပ် ဒါမှမဟုတ် ကန်တိုနာ တို့ရဲ့ အရည်အချင်းတွေ အပေါ် လူတွေက ငြင်းခုံကြမှာ ဖြစ်ပေမယ့်၊ အဲ့ဒီသူတွေထဲက တစ်ယောက်မှ ဒီအီဂျစ် ဘုရင်လို ရာသီတိုင်းမှာ တသမတ်တည်း ပြိုင်ဘက်ကို ချေမှုန်းနိုင်တဲ့ ဂိုးအရေအတွက်မျိုး မသွင်းနိုင်ခဲ့ကြပါဘူး။”
ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ မိုဟာမက် ဆာလာ တို့ရဲ့ ပရီးမီးယားလိဂ် မှတ်တမ်းများ
ခရစ္စတီယာနို ရော်နယ်ဒို
- ကစားခဲ့တဲ့ပွဲ – ၂၃၆ ပွဲ
- သွင်းဂိုး – ၁၀၃ ဂိုး
- ဂိုးဖန်တီးမှု – ၄၇ ကြိမ်
- ဆုဖလား – ၃ လုံး
မိုဟာမက် ဆာလာ
- ကစားခဲ့တဲ့ပွဲ – ၃၂၃ ပွဲ
- သွင်းဂိုး – ၁၉၁ ဂိုး
- ဂိုးဖန်တီးမှု – ၉၄ ကြိမ်
- ဆုဖလား – ၂ လုံး
ရော်နယ်ဒို ၂၀၀၃ ခုနှစ် မန်ချက်စတာယူနိုက်တက်ကို စတင် ရောက်ရှိချိန်က အသက် ၁၁ နှစ် အရွယ်သာ ရှိသေးတဲ့ ဆာလာဟာ အီဂျစ်မှာ လူရွေးချယ်ခံရဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုက ဆာလာထက် ၇ နှစ် ပိုကြီးပြီး စူပါစတား တစ်ဦး ဖြစ်လာဖို့ ခြေလှမ်းပြင်နေပေမယ့်လည်း ချက်ချင်းတော့ အောင်မြင်မှု ရခဲ့တာ မဟုတ်ပါဘူး။ ရော်နယ်ဒိုက အလယ်အလတ်အဆင့်မှာ ၃ ရာသီ ဖြတ်သန်းခဲ့ပြီး အရမ်းကို ကောင်းမွန်တဲ့ ၁ ရာသီကို ဖြတ်သန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၇-၂၀၀၈ ဘောလုံးရာသီမှာ ၃၄ ပွဲ ကစားပြီး ၃၁ ဂိုး အထိ သွင်းယူကာ သူ့ရဲ့ ပထမဆုံးသော ဘယ်လွန်ဒေါဆုကို ရယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ဆာလာ တို့ရဲ့ ကွာခြားချက်က ရော်နယ်ဒိုဟာ သူ့ရဲ့ အကောင်းဆုံး အချိန် စတင်ချိန်မှာပဲ ပရီးမီးယားလိဂ်ကို စွန့်ခွာခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ် ခြေစွမ်း အနည်းငယ် ကျဆင်းလာချိန်မှသာ အင်္ဂလန်ကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၃၆ ပွဲမှာ ၁၀၃ ဂိုး ဆိုတဲ့ မှတ်တမ်းက ကောင်းမွန်ပေမယ့်လည်း ဒါဟာ စူပါစတား ရော်နယ်ဒိုရဲ့ ပုံရိပ် အစစ်အမှန်လို့ ပြောလို့ မရပါဘူး။ ဆိုလိုတာက သူက ဆာလာလို ပရီးမီးယားလိဂ်မှာ ကာလ အတန်ကြာ ဖြတ်သန်းခဲ့ရင် အခုထက် ပိုပြီး စွမ်းဆောင်နိုင်ဖွယ် ရှိနေသလို တဖက်မှာလည်း ယူနိုက်တက်ရဲ့ ကျဆင်းမှုကြောင့် သူ့ရဲ့ ကစားသမား ဘဝက ပုံစံတမျိုး ပြောင်းလဲနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။
တခြား တစ်ဖက် မှာတော့ ဆာလာဟာ ၂၀၁၄ ခုနှစ်က ချဲလ်ဆီးမှာ လူငယ် ကစားသမား အဖြစ် ရှိနေပါတယ်။ ရိုးမား ကနေ တဆင့် လစ်ဗာပူးလ်ကို ပြန်လည် ရောက်ရှိလာချိန် (၂၀၁၇) မှာလည်း လူအများက သူ့ကို အရန် ကစားသမား အဖြစ်သာ ရှုမြင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်ကို ပြန်လည် ရောက်ရှိလာတဲ့ ပထမဆုံးရာသီမှာပဲ ၃၂ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဒါဟာ ရော်နယ်ဒို ပရီးမီးယားလိဂ်မှာ သွင်းယူခဲ့တဲ့ အများဆုံး ဂိုးအရေအတွက်ထက်လည်း ကျော်လွန်နေခဲ့ပါတယ်။ ဆာလာဟာ လစ်ဗာပူးလ်မှာ ၉ နှစ်ကြာ ကျင်လည်ခဲ့စဉ် ကာလ တလျှောက်လုံး ကမ္ဘာ့အဆင့် ခြေစွမ်းကို ပုံမှန် ထိန်းထားနိုင်ခဲ့သူ ဖြစ်ပါတယ်။
နောက်ဆုံး မှာတော့ ကာရေဂါက “ရော်နယ်ဒိုရဲ့ မန်ယူ ကစားသမား ဘဝ နှစ်ကြိမ်စလုံးဟာ သူရဲ့ အကောင်းဆုံး ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က အချိန်တွေရဲ့ ရှေ့နဲ့ နောက်မှာပဲ ရှိနေခဲ့တာပါ။ ပရီးမီးယားလိဂ် အတွင်းက စွမ်းဆောင်ရည်နဲ့ သက်ရောက်မှု ကိုပဲ တိတိကျကျ တိုင်းတာမယ် ဆိုရင်တော့ ဆာလာက ရော်နယ်ဒိုထက် အနည်းငယ် သာလွန်ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ၁၁ ဦး စာရင်းကို ရွေးမယ် ဆိုရင်တော့ ရှေ့တန်း ၃ ယောက်နေရာမှာ ဟင်နရီ၊ ရော်နယ်ဒို တို့နဲ့ အတူ ဆာလာ ကတော့ အလိုအလျောက် ပါဝင်နေမှာ အသေအချာပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


