လစ်ဗာပူးလ် ၂ – ၀ ဘန်လေ
(ဂျိုတာ ၁၈’၊ မာနေး ၆၉’)
မနေ့ညက အန်ဖီးလ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ လစ်ဗာပူးလ်တို့ ဒီယိုဂို ဂျိုတာ၊ မာနေး တို့ရဲ့ သွင်းဂိုး တွေနဲ့ ဘန်လေကို အနိုင်ရရှိသွားခဲ့ပါတယ်။ တွေ့ဆုံချိန်တိုင်းမှာ ဒုက္ခပေးခဲ့တဲ့ ဘန်လေကို ကလော့ပ်ရဲ့ အသင်းက အန်ဖီးလ်ရဲ့ ကွင်းလုံးပြည့် ပရိသတ်ရှေ့မှာ အကောင်းဆုံးပုံစံနဲ့ ၂၀၂၁/၂၀၂၂ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲဆက် ပေးဂိုးမရှိ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ကလော့ပ်ရဲ့ အသင်းက ကွင်းလယ်မှာ အပြောင်းအလဲ တချို့ ပြုလုပ်ခဲ့ပြီး ဂျော်ဒန် ဟန်ဒါဆင်၊ နာဘီ ကေတာနဲ့ လူငယ်ကစားသမားလေး ဟာဗေး အဲလီယော့တ် တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာ ပြီးခဲ့တဲ့ ပွဲစဉ်က အတိုင်း ဂျိုတာ၊ မာနေးနဲ့ ဆာလာ တို့ကို အသုံးပြုခဲ့ပါတယ်။ ခံစစ်မှာ ဗာဂျယ် ဗန်ဒိုက်ချ်၊ မက်တစ်ပ်၊ ဆီမီကတ်စ်၊ ထရန့် အလက်ဇန္တား အာနိုးလ်နဲ့ ဂိုး မှာ အလီဆွန် ဘက်ကာ တို့ ပါဝင်လာပါတယ်။ ဘန်လေ ကတော့ ထုံးစံအတိုင်း ခံစစ် အသားပေး ကစားပုံနဲ့ လစ်ဗာပူးလ်ကို ရင်ဆိုင်ခဲ့ပြီး အက်ရှ်လေ ဘန်းစ်၊ ခရစ္စဝုဒ်၊ မက်နေးလ်၊ ဂတ်မန်ဆန်၊ ဘန်မီး၊ တာကောစကီး၊ နစ်ခ်ပုပ် တို့နဲ့ ပွဲထွက်လာပါတယ်။ ပွဲအစပိုင်းမှာ ဘန်လေတို့ လစ်ဗာပူးလ် ဘက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှု တချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် ပွဲချိန် ၁၈ မိနစ်မှာ ဘယ်နောက်ခံလူ ဆီမီကတ်စ်ရဲ့ ဖြတ်တင် ပေးပို့မှု ကနေ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာ ခေါင်းတိုက် အဆုံးသတ်ပေးခဲ့လို့ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ မိုဟာမက် ဆာလာက လစ်ဗာပူးလ် အတွက် ဒုတိယဂိုး ထပ်မံ သွင်းပေးခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး လူကျွံဘော အဖြစ်သာ သတ်မှတ်ပေးခဲ့သလို ပွဲချိန် ၄၆ မိနစ်မှာ ဘန်လေ တိုက်စစ်က အက်ရှ်လေဘန်းစ်ရဲ့ ဂိုးကိုလည်း ကွင်းလယ်ဒိုင်က လူကျွံဘောအဖြစ်ပဲ သတ်မှတ်ပေးခဲ့ပါတယ်။ လစ်ဗာပူးလ် အတွက် အနိုင်သေချာစေမယ့် ဂိုးကိုတော့ ပွဲကစားချိန် ၆၉ မိနစ်မှာ အာနိုးလ်ရဲ့ ပေးပို့မှု ကနေ ဆာဒီယို မာနေးက လှလှပပ ပိတ်သွင်းပေးခဲ့ပါတယ်။ အဲ့နောက် ဘန်လေ ဘက်က ခရစ္စဝုဒ် အစား ဂျေးရိုဒရီဂွက်ဇ်၊ ဂတ်မန်ဆန် အစား အဲရစ်ခ် ပိုက်တားစ်တို့ လူစားဝင်လာခဲ့ပြီး လစ်ဗာပူးလ် ဘက်ကတော့ သီယာဂို၊ ဖေမီနို၊ ဂျိုးဂိုးမက်ဇ် တို့ ဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ကွင်းလုံးပြည့် လာရောက် အားပေးခဲ့ကြတဲ့ အန်ဖီးလ် ပရိသတ် ရှေ့မှောက်မှာ လစ်ဗာပူးလ်တို့ တကျော့ပြန် အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ သုံးသပ်ချက်

ကလော့ပ်ရဲ့ အသင်းက ဒီနေ့ပွဲမှာ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘန်လေ ဘက်ကို ဂိုးပေါက် ခြိမ်းခြောက်မှု ၂၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ၉ ကြိမ် ရှိခဲ့ပါတယ်။ ကွင်းလယ်က နာဘီကေတာ ကလွဲလို့ ကျန်ကစားသမား အားလုံးကို အားရစရာ ခြေစွမ်းနဲ့ မြင်တွေ့ခဲ့ရပြီး ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမား ကတော့ ဘယ်နောက်ခံလူ ထရန့်အာနိုးလ် လို့ပဲ ဆိုရပါမယ်။ ဒါပေမယ့် အာနိုးလ် လိုပဲ ဖန်တီးမှု တစ်ကြိမ် ပြုလုပ်ခဲ့တဲ့ ညာနောက်ခံလူ ဆီမီကတ်စ်ကို King of the match အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ရဲ့ ပထမ ပွဲထွက်လူစာရင်းမှာ ပထမဦးဆုံး အကြိမ် ပါဝင်ခွင့် ရခဲ့တဲ့ ဟာဗေး အဲလီယော့တ်ရဲ့ တောက်ပမှုကို မြင်တွေ့ခဲ့ရပြီး ဝိုင်ဂျ်နယ်ဒမ် ထွက်ခွာသွားချိန်မှာ ဘာကြောင့် နောက်ထပ် ကစားသမားသစ် တစ်ဦး ခေါ်ယူ မဖြည့်တင်းခဲ့သလဲ ဆိုတဲ့ မေးခွန်းတွေ အတွက် ၁၈ နှစ်သားလေးက ကလော့ပ်ပေးတဲ့ အဖြေ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ဒီယိုဂို ဂျိုတာ ကတော့ လစ်ဗာပူးလ်ကို ရောက်ရှိချိန် ကစလို့ ပြိုင်ပွဲစုံ ၃၃ ပွဲ မှာ ၁၅ ဂိုး သွင်းယူထားခဲ့ပြီး သူ့ထက် ဂိုးပို သွင်းထားတဲ့ ကစားသမား ကတော့ မိုဟာမက်ဆာလာ (၂၉ဂိုး) ပဲ ရှိပါတယ်။ ဗာဂျယ် ဗန်ဒိုက်ချ် ကတော့ လစ်ဗာပူးလ် ကစားသမားဘဝ ၄ နှစ်တာ ကာလအတွင်း အန်ဖီးလ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၄၈ ပွဲ ပါဝင်ကစားခဲ့ပြီး ရှုံးပွဲ လုံးဝ မရှိခဲ့သလို ၄၃ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၂၁ ပွဲ ပေးဂိုး မရှိ စွမ်းဆောင်ထားနိုင်ခဲ့သူ ဖြစ်လာပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမဦးဆုံး သွင်းဂိုး ရရှိခဲ့တဲ့ မာနေး ကတော့ ဖောင်လာ၊ အိုဝင်၊ ဂျရတ်နဲ့ ဆာလာ တို့ပြီးရင် အန်ဖီးလ်မှာ သွင်းဂိုး ၅၀ ပြည့်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဒီနေ့ပွဲမှာ လစ်ဗာပူးလ်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး အများကြီး ပြောစရာ မရှိပါဘူး။ ကလော့ပ်ရဲ့ ပွဲထွက် ကစားသမားတွေကို အလှည့်ကျ အသုံးပြုမယ့် စနစ်ဟာ မနှစ်ကလို အဓိက ကစားသမားတွေ ဒဏ်ရာရရှိမှုကြောင့် ချန်ပီယံဆု လက်လွှတ်ခဲ့ရတဲ့ အခြေအနေမျိုး ထပ်မကြုံရစေဖို့ အကောင်းဆုံး ကြိုတင် ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ လိုအပ်ချက် တချို့ ရှိနေသေးတာက လွဲရင် အဘက်ဘက်မှာ အကောင်းဆုံးပုံစံကို ပြန်ရနေပြီလို့ ဆိုနိုင်ပါတယ်။ ဒီရာသီ အတွက် ပရီးမီးယားလိဂ် ချန်ပီယံဆု ရနိုင်တဲ့ အသင်းလို့ သေချာပေါက် ပြောလို့ မရသေးပေမယ့် မန်ချက်စတာစီးတီး ဆီက ချန်ပီယံဆုကို ပြန်လည် လုယူနိုင်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပြီ ဆိုတာ ကျိန်းသေပေါက် ပြောလို့ ရနေပါပြီ။ ရှောင်ဒိုက်ချ်ရဲ့ ဘန်လေ အသင်း ကတော့ ကစားသမားကောင်းတွေ ရှိနေပေမယ့် ရလဒ်ကောင်းဖို့ ရုန်းကန်နေရဆဲ ဖြစ်ပြီး အဖွင့်ပွဲစဉ် ၂ ပွဲလုံး ရှုံးနိမ့်ထားခဲ့တာကြောင့် တန်းဆင်းဇုန် အဆင့် ၁၈ နေရာအထိ ကျဆင်းသွားခဲ့ပါပြီ။
လာမယ့်ပွဲစဉ်များ
လစ်ဗာပူးလ်တို့ နောက်တစ်ပတ် စနေနေ့မှာ ချဲလ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိပြီး ဘန်လေ ကတော့ နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ သွားရောက် ကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.