အက်စတွန်ဗီလာ ကတော့ အခုနှစ် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဖရိုင်းဘတ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီးနောက် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် ဆုဖလား တစ်လုံးကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြ အူနိုင်း အမ်မရီက သူ့ရဲ့ ပဥ္စမမြောက် ယူရိုပါလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို၊ အက်စတွန်ဗီလာ အတွက်လည်း ၁၉၈၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ဥရောပဖလားကို အရယူပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
တူပရတ်စ် စတာဒီယမ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ယူရီ တေးလီမန့်စ်၊ အီမီလီယာနို ဘူအန်ဒီယာနဲ့ မော်ဂန် ရော်ဂျာစ် တို့က ဗီလာ အတွက် ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြပြီး နှစ်ပေါင်း ၃၀ ကြာ ဆုဖလား ငတ်မွတ်နေမှုကို လှပတဲ့ နိုင်ပွဲနဲ့ အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ ပွဲစကတည်းက ဗီလာ ကပဲ ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲစပြီး ၃ မိနစ် အတွင်း မှာတင် ရော်ဂျာစ်ရဲ့ ကန်ချက်ကို ဖရိုင်းဘတ် ဂိုးသမား နိုအာ အာတူဘိုလူ လက်စွမ်းပြ ကာကွယ်ခဲ့ရပါတယ်။ အဲဒီနောက် သိပ်မကြာမီမှာပဲ ဖရိုင်းဘတ် ဘက်မှ နီကိုးလပ်စ် ဟော့ဖ်လာက အဝေးကန်ချက်နဲ့ ပြန်လည် တုံ့ပြန်ခဲ့ပေမယ့်လည်း ဂိုးတိုင်ဘေး ကနေ ကပ်ထွက်သွားခဲ့ပါတယ်။

ဗီလာဟာ ပွဲချိန် ၄၁ မိနစ်မှာ ဖရိုင်းဘတ်ရဲ့ ကစားကွက် အရှိန်အဟုန်ကို ဖြတ်တောက်ကာ အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ထောင့်ကန်ဘော အမြန်ပေးရာက တစ်ဆင့် ရော်ဂျာစ်က ထောင့်ဖြတ် အဝေးဘော ပေးပို့လိုက်ရာ တေးလီမန့်စ်က လျင်လျင်မြန်မြန် ပြေးဝင်ပြီး အားပါပါ အပိုင်ကန်သွင်းကာ ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမပိုင်း ပြီးခါနီး မှာလည်း ဗီလာက ဒုတိယမြောက် ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဂျွန် မက်ဂင်းန်ရဲ့ ပေးပို့မှုက တဆင့် အာဂျင်တီးနားသား ဘူအန်ဒီယာက ဂိုးရဲ့ ဘယ်ဘက် အပေါ် ထောင့်ထဲသို့ အလှပဆုံး ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၅၈ မိနစ် မှာတော့ ရော်ဂျာစ်က ဘူအန်ဒီယာရဲ့ အနိမ့်ဘော ပေးပို့မှုကို တတိယမြောက်ဂိုး အဖြစ် ပိတ်သွင်းပြီးနောက် အသင်း အတွက် အနိုင်သေချာစေခဲ့ပါတယ်။
အဲဒီနောက် မှာလည်း ဗီလာက စတုတ္ထမြောက်ဂိုး ရရှိဖို့ ဆက်လက် ဖိအားပေးခဲ့ပြီး ဖရိုင်းဘတ် ဘက်က ဗီလာရဲ့ တိုက်စစ်ကို အသည်းအသန် ကာကွယ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အာမာဒူ အိုနားနားရဲ့ ခေါင်းတိုက်ချက် ဂိုးတိုင်ထိခဲ့သလို၊ ဘူအန်ဒီယာရဲ့ အနီးကပ် ကန်ချက် ကလည်း ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။
သူတို့ အသင်း သမိုင်းတစ်လျှောက် ဒုတိယမြောက် ဆုဖလား ဗိုလ်လုပွဲကို ကစားနေရတဲ့ ဖရိုင်းဘတ်ဟာ ပွဲချိန်နှောင်းပိုင်းမှာ ချေပဂိုးတွေ ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဂျိုဟန် မန်ဇမ်ဘ်ရဲ့ ကန်ချက်ကို ဗီလာ ဂိုးသမား မာတီနက်ဇ်က ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် မှာတော့ ဗီလာက ပွဲကို သက်သောင့်သက်သာနဲ့ ထိန်းကစားကာ ယူရိုပါလိဂ် ဆုဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ပွဲမစတင်မီက နည်းပြ အမ်မရီက သူ့ကိုယ်သူ ‘ယူရိုပါလိဂ်ဘုရင်’ ဆိုတဲ့ ဘွဲ့ထူးကို ငြင်းပယ်ခဲ့ပေမယ့်လည်း အခုအခါ ကွဲပြားခြားနားတဲ့ ကလပ် အသင်း ၃ သင်းနဲ့ အတူ ယူရိုပါလိဂ် ဖလားကို ပထမဆုံး အကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ နည်းပြ ဖြစ်လာခဲ့တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် သံသယ ဖြစ်စရာတော့ မရှိပါဘူး။ သူဟာ ဆီဗီလာနဲ့ ၃ ကြိမ်၊ ဗီလာရီးရဲလ်နဲ့ ၁ ကြိမ် ချန်ပီယံ ဖြစ်ခဲ့ဖူးပြီး၊ အခုတစ်ကြိမ် မှာတော့ အက်စတွန်ဗီလာနဲ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။ အက်စတွန်ဗီလာဟာ ဥရောပစင်မြင့်မှာ နောက်ဆုံး အကြိမ် ဆုဖလားရရှိခဲ့တာက ၁၉၈၂ ခုနှစ်က ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက်က အူနိုင်း အမ်မရီဟာ ‘ဗီလာ’ နာမည်ပါတဲ့ အသင်းတွေနဲ့ချည်း ယူရိုပါလိဂ် ဖလားတွေ ကိုင်မြှောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုပွဲ အပြီးမှာ အမ်မရီက ဗီလာနဲ့ အတူ ၁၀၈ ပွဲမြောက် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး သူ့ရဲ့ နည်းပြ သက်တမ်းတစ်လျှောက် ကလပ် အသင်း တစ်သင်းတည်းမှာ နိုင်ပွဲ အများဆုံး စံချိန်လည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူကိုင်တွယ်ခဲ့တဲ့ ဗိုလ်လုပွဲ ၁၁ ပွဲ အနက် ၉ ပွဲ အထိ အနိုင်ရရှိခဲ့တဲ့ မှတ်တမ်းကောင်း ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။
ဗီလာ အသင်းသားတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ပိုင်း မှာလည်း ထူးခြားမှုတွေ ရှိခဲ့ပြီး၊ ရော်ဂျာစ်နဲ့ ဘူအန်ဒီယာ တို့ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ တစ်ပွဲတည်းမှာ ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့ ဒုတိယမြောက် ကစားဖော် အတွဲအဖက် ဖြစ်လာခဲ့ပါတယ်။ အခုပွဲမှာ ဗီလာက ကန်ချက် ၁၇ ကြိမ်က တစ်ဆင့် မျှော်မှန်းဂိုး (xG) ၂.၀၈ အထိ ရှိခဲ့ပြီး ဖရိုင်းဘတ် ကတော့ ကန်ချက် ၄ ကြိမ်သာ ရှိခဲ့ကာ မျှော်မှန်းဂိုး ၀.၂၂ သာ ရှိခဲ့တာကြောင့် ဗီလာ အနေနဲ့ ခြေအသာနဲ့ ကစားပြီး ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


