ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘိုရုရှား ဒေါ့မန် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အခုထိတော့ အေးအေးဆေးဆေးနဲ့ စိတ်ရှည်လက်ရှည် ရှိနေခဲ့တာပါ။ ဒါပေမယ့် ရာသီသစ် မစတင်ခင် မှာတော့ အသင်းရဲ့ အင်အားကို ဖြည့်တင်းဖို့ အတွက် မျက်စိကျနေတဲ့ ကစားသမား ပစ်မှတ်တွေ ရှိလာတာ တွေ့ရပါတယ်။
ဒေါ့မန် အသင်းရဲ့ ဘောလုံးဒါရိုက်တာ လားစ် ရစ်ကန်က အသင်း အနေနဲ့ ဒီနွေရာသီမှာ “တကယ်ကို ကောင်းမွန်တဲ့ အရည်အသွေးမြင့် အပြောင်းအရွှေ့ ၃ ခုထက် မနည်း”ထပ်မံ ပြုလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒေါ့မန်ဟာ ပြီးခဲ့တဲ့ ရာသီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ချန်ပီယံ ဘေယန်မြူးနစ် အသင်းရဲ့ နောက် ၁၆ မှတ် အကွာနဲ့ ဒုတိယနေရာနဲ့သာ အဆုံးသတ်ခဲ့ရတာပါ။ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာလည်း ပလေးအော့ဖ် အဆင့် မှာတင် အတ္တလန္တာ အသင်းကို ရှုံးနိမ့်ပြီး စောစောစီးစီး ပြုတ်ခဲ့ရပါတယ်။
နည်းပြ နီကို ကိုဗက်ခ်ရဲ့ ဒေါ့မန် အသင်းဟာ လိဂ်အတွင်း ပေးဂိုး အနည်းဆုံး အသင်း အဖြစ် စံချိန်တင်ကာ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တာက လွဲရင် အသင်း အတွက်တော့ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီက အတော်လေး စိတ်ပျက်စရာ ကောင်းခဲ့တဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ လတ်တလော မှာတော့ ဒေါ့မန်ဟာ ဆဲလ်ဘာ့ဂ်နဲ့ အင်ဒီပန်းဒီးယန်းတေး ဒဲလ် ဗယ်လီ အသင်းတို့ ဆီကနေ လူငယ် ကစားသမားလေးတွေ ဖြစ်တဲ့ ဂျိုအန် ဂါဒူးနဲ့ ဂျက်စတင် လာမာ တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာဟူး ဂူရက်ဆီနဲ့ ဖီးလစ် အန်မီချာ တို့ကတော့ အသင်း ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါရိုက်တာ ရစ်ကန် ကတော့ အသင်း အနေနဲ့ ကစားသမားသစ်တွေ ထပ်မံခေါ်ယူသွားမှာ သေချာပေမယ့် အလောတကြီး ဆုံးဖြတ်ချက် ချပြီး အမှားအယွင်း မဖြစ်စေချင်ဘူးလို့ အခုလို ဆိုပါတယ်။ “လက်ရှိ ကစားသမားသစ် မခေါ်နိုင်သေးတဲ့ အခြေအနေ အပေါ် ကျွန်တော်တို့လည်း လုံးဝ အားမရပါဘူး။ နောက်ထပ် တကယ်ကို ကောင်းမွန်တဲ့ အပြောင်းအရွှေ့ တစ်ခု၊ နှစ်ခု၊ သုံးခုလောက် ထပ်လုပ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုချင်တာက ရေတိုမှာတင် လက်ခုပ်သြဘာရရုံ ခေါ်လိုက်ပြီး နိုဝင်ဘာလလောက်ကျမှ ‘ငါတို့ ခေါ်လိုက်တာ တကယ်ကော မှန်ရဲ့လား’ဆိုပြီး ပြဿနာ ပြန်တက်မယ့် အပြောင်းအရွှေ့မျိုး မဟုတ်ပါဘူး။ အသင်းကို တကယ် တိုးတက်လာစေမယ့် ကစားသမားမျိုး ကိုပဲ စိတ်ရှည်လက်ရှည် ရွေးချယ်သွားမှာပါ။”

“ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူခဲ့တဲ့ ဖေဘီယို ဆေးလ်ဗား၊ ကာနေး ချူကွယ်မီကာနဲ့ ဂျုပ်ဘ် ဘယ်လင်ဟမ် တို့လည်း ရှိနေပါသေးတယ်။ သူတို့တွေ အခုထက် ပိုကောင်းလာလိမ့်မယ်လို့ ယုံကြည်သလို၊ ရာသီသစ်မှာ နောက်ထပ် ခြေလှမ်း တစ်ခုကို တက်လှမ်းနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။” လို့ ရစ်ကန်က ဖြည့်စွက် ပြောကြားသွားပါတယ်။
ဒေါ့မန် အသင်းရဲ့ ၂၀၂၆-၂၇ ရာသီ ပထမဆုံး အကြိုဗိုလ်လုပွဲစဉ် အဖြစ် လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ဘေယန်မြူးနစ် အသင်းနဲ့ ဂျာမန် စူပါဖလား ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် တစ်ပတ် အကြာ မှာတော့ ဟမ်းဘတ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံပြီး ဘွန်ဒက်စ်လီဂါ ရာသီသစ်ကို စတင် ဖွင့်လှစ်သွားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


