ပပ် ဂွါဒီယိုလာ ကတော့ ၁၀ နှစ်တာ ကာလ အတွင်း မန်ချက်စတာစီးတီးကို အောင်မြင်မှု အမြောက်အမြား ယူဆောင်ပေးနိုင်ခဲ့ပြီး ကမ္ဘာ့ ထိပ်သီး ဘောလုံး ကလပ် တစ်ခု အဖြစ် ရပ်တည်စေနိုင်ခဲ့သူ ဖြစ်ပါတယ်။ အခုတော့ ဂွါဒီယိုလာက အောင်မြင်မှု များစွာနဲ့ အတူ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ကို စွန့်ခွာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာလင်း ဟာလန်း ကတော့ နည်းပြကြီး ထွက်ခွာသွားပြီးနောက် မှာလည်း အဲဒီ အောင်မြင်မှု လမ်းကြောင်းကို ဆက်လက် ထိန်းသိမ်းသွားချင်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
ပပ် ဂွါဒီယိုလာ အသင်း ကနေ ထွက်ခွာသွားပြီး နောက်ပိုင်း မှာလည်း မန်ချက်စတာစီးတီး အသင်း အနေနဲ့ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် “ဆက်လက် ကြိုးစားပြီး တိုက်ပွဲဝင်သွားရမယ်” လို့ အာလင်း ဟာလန်းက အလေးအနက်ထား ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဂွာဒီယိုလာဟာ အက်တီဟတ်မှာ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ရာထူး ကနေ နှုတ်ထွက်တော့မှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ တပတ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူဟာ မန်စီးတီးနဲ့ အတူ ရှိနေခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ပရီးမီးယားလိဂ် အပါအဝင် အဓိက ဆုဖလားပေါင်း အလုံး ၂၀ အထိ ကိုင်မြှောက်နိုင်ခဲ့သူပါ။
ဂွါဒီယိုလာက မန်စီးတီး နည်းပြ အဖြစ် ပွဲပေါင်း ၅၉၃ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၄၂၃ ပွဲ အထိ အနိုင်ရခဲ့ပြီး နိုင်ပွဲ ရရှိမှုနှုန်း ၇၁ ရာခိုင်နှုန်း အထိ ရှိခဲ့ပါတယ်။ ၇၇ ပွဲ သရေကျကာ ၉၃ ပွဲ ရှုံးနိမ့်ခဲ့ပြီး သူ့ရဲ့ နောက်ဆုံး ရှုံးနိမ့်ခဲ့တဲ့ပွဲက ရာသီပိတ်ပွဲ အဖြစ် အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲ ဖြစ်ပါတယ်။ ဂွါဒီယိုလာ ကိုင်တွယ်ခဲ့တဲ့ သက်တမ်း တစ်လျှောက် မန်စီးတီးက စုစုပေါင်း သွင်းဂိုး ၁,၄၆၂ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ပထမဆုံး ဂိုးကို အဂွဲရိုးက သွင်းယူခဲ့ကာ နောက်ဆုံးဂိုး ကိုတော့ အန်တိုနီယို ဆီမီညိုက သွင်းယူပေးခဲ့ပါတယ်။ ပြန်လည် ခွင့်ပြုပေးလိုက်ရတဲ့ ဂိုးပေါင်း ကတော့ ၅၅၇ ဂိုး ရှိပြီး မန်စီးတီး ဘက်ကို ပထမဆုံး ဂိုးသွင်းယူခဲ့တဲ့ ပြိုင်ဘက် ကစားသမားက ဆန်းဒါးလန်းက ဂျာမိန်း ဒီဖိုး ဖြစ်ပြီး နောက်ဆုံး ဂိုးသွင်းခဲ့သူ ကတော့ အက်စတွန်ဗီလာက အိုလီ ဝတ်ကင်းစ် ဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပေမယ့် ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲတွေမှာ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကို အသီးသီးအနိုင်ယူပြီး ဆုဖလား နှစ်လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီနွေရာသီဟာ မန်စီးတီး အတွက် အပြောင်းအလဲတွေနဲ့ ပြည့်နှက်နေတဲ့ ကာလ တစ်ခု ဆိုရင်လည်း မမှားပါဘူး။ ပပ် ဂွါဒီယိုလာရဲ့ နေရာကို အရင်က သူ့ရဲ့ တပည့်ဟောင်း အန်ဇို မာရက်စကာက ဆက်ခံသွားမှာ ဖြစ်ပြီး ပပ် ကတော့ စီးတီး ဂရုရဲ့ ရာထူးကြီးကြီး တစ်ခုကို ဆက်လက် တာဝန်ယူသွားဖွယ်လည်း ရှိနေပါတယ်။
ဒါ့အပြင် မန်စီးတီးဟာ ဂွါဒီယိုလာရဲ့ လက်အောက်မှာ အောင်မြင်မှုတွေရဲ့ သော့ချက် ဖြစ်ခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားနဲ့ ဂျွန် စတုန်းစ် တို့ကိုလည်း နှုတ်ဆက်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဟာလန်း ကတော့ အသင်း အနေနဲ့ ဆက်လက် ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ယုံကြည်မှု အပြည့် ရှိနေတာပါ။ “အခုရာသီက ရလဒ်တွေ အတက်အကျ ရှိခဲ့တဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ အနေနဲ့ ဆက်လက် ကြိုးစားသွားမှာ ဖြစ်ပြီး ရနိုင်သမျှ အကြီးမားဆုံး ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ တိုက်ပွဲဝင်သွားမှာပါ။” လို့ ဟာလန်းက ပြောကြားခဲ့ပါတယ်။
“ဒါဟာ ကျွန်တော်တို့ ဆွတ်ခူးချင်တဲ့ အရာတွေ ဖြစ်ပြီး အရာအားလုံးကို ထပ်မံ အနိုင်ရဖို့ အတွက် တိုက်ပွဲဝင်နေတာပါ။ ဘာနာဒို၊ ဂျွန် တို့နဲ့ အတူ၊ ပြီးတော့ ပပ်ရဲ့ လက်အောက်မှာ ကစားခွင့်ရခဲ့တာဟာ တကယ်ကို ဂုဏ်ယူစရာ အခွင့်အရေး တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါဟာ အံ့သြစရာကောင်းတဲ့ ခရီးစဉ် တစ်ခု ဖြစ်ခဲ့ပေမယ့် သူတို့ မရှိတော့ရင်တောင် ကျွန်တော်တို့ ဘက်က ဆက်လက် ကြိုးစားပြီး တိုက်ပွဲဝင်သွားဖို့ လိုအပ်ပါတယ်။ အခုအချိန် ကတော့ သူတို့ကို ဂုဏ်ပြုရမယ့် အချိန် ဖြစ်ပြီး သူတို့ဟာ အသင်းရဲ့ စစ်မှန်တဲ့ ဂန္ထဝင်တွေပါပဲ။” လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


