အာဂျင်တီးနား အာဂျင်တီးနား အသင်းဟာ လီယွန်နယ် မက်ဆီ တစ်ယောက်တည်း အပေါ်မှာပဲ အလွန်အကျွံ မှီခိုနေတာမျိုး မရှိပါဘူးလို့ နည်းပြ လီယွန်နယ် စကယ်လိုနီက ပြတ်ပြတ်သားသား ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အုပ်စုပွဲစဉ် ၃ ပွဲမှာ အာဂျင်တီးနား အတွက် ၆ ဂိုး အထိ သွင်းယူပေးထားပြီး ခြေစွမ်းပြနေတာပါ။ ဒါပေမယ့် အသင်းဟာ သူတို့ရဲ့ အသင်းခေါင်းဆောင် အပေါ်မှာပဲ လုံးလုံးလျားလျား အမှီပြုနေတာ မဟုတ်ဘူးလို့ စကယ်လိုနီက ဆိုပါတယ်။
လက်ရှိ ချန်ပီယံ အာဂျင်တီးနား အသင်းဟာ အုပ်စုတွင်း ၃ ပွဲစလုံး အနိုင်ရကာ ၈ ဂိုးသွင်း၊ ၁ ဂိုးပဲ ပေးခဲ့ရပြီး အမှတ်ပြည့်နဲ့ ၃၂ သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဒီအဆင့်မှာ ကိပ်ဗာဒီ အသင်းနဲ့ မကစားခင် သတင်းစာ ရှင်းလင်းပွဲမှာ စကယ်လိုနီက အထက်ပါအတိုင်း ပြောခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဂျော်ဒန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲမှာ လူစားဝင် အဖြစ်ပဲ ပါဝင်ခဲ့ပေမယ့် လက်ရှိ အချိန်ထိ ၆ ဂိုး သွင်းယူထားနိုင်လို့ ပွဲပို ကစားထားတဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးနဲ့ အတူ ရွှေဖိနပ်ဆု အတွက် ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဒါ့အပြင် မက်ဆီဟာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် နောက်ဆုံး ၅ ပွဲမှာ ၅ ဂိုးသွင်း၊ ၄ ကြိမ် ဖန်တီးမှု ပြုလုပ်ထားပြီး ၉ ဂိုး အထိ ပါဝင် ပတ်သက်ထားနိုင်ခဲ့ပါတယ်။ အခု ကိပ်ဗာဒီနဲ့ ပွဲမှာသာ သူဝင်ကစားမယ် ဆိုရင် ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းမှာ ပွဲပေါင်း ၃၀ ကျော် ကစားဖူးတဲ့ ပထမဆုံး ကစားသမား ဖြစ်လာမှာပါ။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စကယ်လိုနီက “မက်ဆီ လုပ်သမျှအရာရာက ပိုပြီးတော့ လူပြောသူပြောများတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းမှာ တခြား တိုက်စစ်မှူးတွေလည်း ရှိပါသေးတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ပါတယ်။ မက်ဆီက ကစားသမားကောင်း တစ်ယောက် ဖြစ်သလို တိုက်စစ်မှူး တစ်ယောက်လည်း ဟုတ်ပါတယ်။ သူက ဂျူလီယန် အဲလ်ဗာရက်ဇ်နဲ့ပဲ တွဲကစားကစား၊ လော်တာရို မာတီနက်ဇ်နဲ့ပဲ တွဲကစားကစား၊ ကျွန်တော်တို့ ကတော့ အသင်းက ကစားသမား အားလုံး ဂိုးသွင်းနိုင်အောင် ကြိုးစားသွားမှာပါ” လို့ ရှင်းပြခဲ့ပါတယ်။

မက်ဆီ ဒီပွဲမှာ မိနစ်ဘယ်လောက် ကစားမလဲ ဆိုတဲ့ မေးခွန်း ကိုတော့ “အခုအချိန်မှာ ဒါကို ဖြေဖို့ အဓိပ္ပာယ် မရှိပါဘူး။ ပွဲအခြေအနေ ဘယ်လိုဖြစ်လာမလဲ၊ သူ ဘယ်လို ခံစားနေရမလဲ ဆိုတာ မသိနိုင်သေးလို့ပါ။ သူ လက်ရှိမှာ အကောင်းဆုံး ကစားနေပါတယ်။ အရာရာ အဆင်ပြေဖို့ မျှော်လင့်ပေမယ့် ပွဲအခြေအနေနဲ့ သူ့ရဲ့ ကြံ့ခိုင်မှု အပေါ်မှာပဲ မူတည်ပါလိမ့်မယ်” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားရဲ့ ပြိုင်ဘက် ကိပ်ဗာဒီ အသင်း ကတော့ စပိန်၊ ဥရုဂွေးတို့ ပါဝင်တဲ့ အုပ်စု (H) မှာ ၃ ပွဲစလုံး သရေကျပြီး စပိန်ရဲ့ အနောက် ဒုတိယနေရာနဲ့ ရှုံးထွက်အဆင့်ကို တက်လာကာ သမိုင်းစိုက်ထူထားတဲ့ အသင်းပါ။ သူတို့ဟာ ၂၀၁၀ က ဆလိုဗက်ကီးယား၊ ၂၀၀၆ က ဂါနာ အသင်းတို့ နောက်ပိုင်း ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် လာရောက် ယှဉ်ပြိုင်ပြီး ရှုံးထွက်အဆင့် တက်နိုင်ခဲ့တဲ့ ပထမဆုံး အာဖရိကနိုင်ငံ ဖြစ်လာပါတယ်။
ကမ္ဘာ့အဆင့် ၆၃ မှာ ရှိနေပေမယ့် ကိပ်ဗာဒီဟာ ဥရောပချန်ပီယံ စပိန်ကို သရေ ကစားထားနိုင်တဲ့ အထိ အားကောင်းတဲ့ အသင်း ဖြစ်လို့ စကယ်လိုနီ ကလည်း ပွဲလွယ်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ “ကျွန်တော်တို့ ကောင်းမွန်တဲ့ အခြေအနေ တစ်ခုမှာ ရှိနေပေမယ့် အခုအဆင့်က ရှုံးရင် ထွက်ရမယ့် အဆင့်မို့ အမှားခံလို့ မရတော့ပါဘူး။ ကိပ်ဗာဒီက အသင်းကောင်း တစ်သင်းပါ။ သူတို့ တက်လာနိုင်ခြေ ရှိလို့ ကြိုတင် လေ့လာထားပြီးသားမို့ သူတို့ အခုလို တက်လာတာကို မအံ့သြပါဘူး။ သူတို့ ဒီနေရာကို ကံကောင်းလို့ ရောက်လာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သူတို့ကို လေးစားမှု အပြည့်ထားရပါမယ်။ ဆော်ဒီနဲ့ ပွဲမှာ သူတို့ နိုင်သင့်ခဲ့တာပါ။ စပိန်၊ ဥရုဂွေး တို့နဲ့ ပွဲမှာ ရုန်းကန်ခဲ့ရပေမယ့် ခံစစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ကြတယ်။ ပြီးတော့ ကွင်းလယ်လူတွေကို ပိတ်ဆို့တာ ကောင်းသလို တန်ပြန် တိုက်စစ်မှာလည်း အရည်အချင်းရှိတဲ့ ကစားသမားတွေ ရှိနေပါတယ်” လို့ စကယ်လိုနီက ပြိုင်ဘက်ကို သတိထားဖို့ သတိပေးရင်း သုံးသပ် ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


