အခုနှစ် ဘရာဇီးလ် ကတော့ ဂျပန်ရဲ့ တုန့်ပြန်မှုကြောင့် ပွဲအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ပွဲအပြီးမှာတော့ ၂-၁ ရလဒ်နဲ့ အနိုင်ရကာ ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်ဆီ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ပါတယ်။ ပွဲချိန်ပြည့်ခါနီးအထိ အချိန်ပို ဆက်လက် ကစားရတော့မယ်လို့ ထင်မှတ်ခဲ့ရပေမယ့် နောက်ဆုံး မိနစ်မှာ သွင်းယူလိုက်တဲ့ ဂါဘရီရယ် မာတင်နယ်လီရဲ့ အဖိုးတန် သွင်းဂိုးကြောင့် ဆမ်ဘာတို့ နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ဘရာဇီးလ်တို့ ပွဲစကတည်းက ဖိအားပေး ကစားနိုင်ခဲ့ပြီး ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မားသီးယပ်စ် ကူညာရဲ့ ကန်ချက်ကို ဂျပန်ဂိုးသမား ဇီယွန် ဆူဇူကီး ပုတ်ထုတ်လိုက်ရသလို၊ ထောင့်ကန်ဘော ကန်ချက် ကနေ တစ်ဆင့် လူးကပ်စ် ပက်ကေးတားရဲ့ ပေးပို့မှုကို ဘရူနို ဂီမာရေးစ် ကန်သွင်းရာ မှာလည်း ဂိုးပေါက်နဲ့ အနည်းငယ်ပဲ လွဲချော်ခဲ့ပါတယ်။
ဒါပေမယ့် ပွဲချိန် ၂၉ မိနစ်မှာတော့ ဘရာဇီးလ်တို့ မမျှော်လင့်ဘဲ ဂိုးပေးလိုက်ရပါတယ်။ ဘရာဇီးလ် နောက်ခံလူ ဒန်နီလိုရဲ့ အမှားကို ဂျပန်ကွင်းလယ်လူ ကိုင်ရှူး ဆာနိုက ဖြတ်တောက်ပြီး ကက်စ်မဲရိုးကို ကျော်ဖြတ်ကာ စည်းအပြင် ကနေ အဝေးကန်ချက်နဲ့ ဘရာဇီးလ် ဂိုးသမား အလစ်ဆန်ကို ကျော်ဖြတ်ပြီး လှလှပပ ကန်သွင်းယူခဲ့တာပါ။
ဂိုးပေးလိုက်ရပြီးနောက် ဗင်နီးစီးယပ်စ် ဂျူနီယာနဲ့ ကူညာတို့ အဝေးကန်ချက်တွေနဲ့ ချေပဂိုး ရဖို့ ကြိုးစားခဲ့ပေမယ့် ကျစ်လျစ်တဲ့ ဂျပန်ရဲ့ ခံစစ်ကြောင့် ဘရာဇီးလ်ရဲ့ ကြယ်ပွင့် တိုက်စစ်တန်း ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ဒဏ်ရာရသွားတဲ့ ပက်ကေးတားရဲ့ နေရာမှာ လူငယ် ကြယ်ပွင့် အန်းဒရစ်ခ် ဝင်ရောက်လာခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စချိန် မှာတော့ ဘရာဇီးလ်တို့ တစ်ဟုန်ထိုး တိုက်စစ်ဆင်လာပြီး ရွှေရောင် အခွင့်အရေး နှစ်ကြိမ်တိုင်တိုင် ရခဲ့ပါတယ်။ ဂီမာရေးစ်ရဲ့ အနီးကပ် ခေါင်းတိုက်ချက်ကို ဂျပန် ဂိုးသမား ဆူဇူကီး လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့သလို၊ ကက်စ်မဲရိုးရဲ့ ကန်ချက် ကိုလည်း တိုမီယာဆုက ဂိုးစည်းပေါ် ကနေ ဖျက်ထုတ်သွားနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ပွဲချိန် ၅၆ မိနစ် မှာတော့ ဘရာဇီးလ်တို့ ချေပဂိုး ရသွားခဲ့ပါပြီ။ ဂါဘရီရယ် မက်ဂါဟေးစ်ရဲ့ ဖြတ်တင်ဘောကို ဝါရင့်ကွင်းလယ်လူ ကက်စ်မဲရိုးက အပိုင်ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာပါ။ နှစ်မိနစ် အကြာမှာပဲ ဗင်နီးစီးယပ်စ်ရဲ့ တစ်ကိုယ်တော် ထိုးဖောက် ဆွဲပြေး ကန်သွင်းခဲ့တာကို ဂျပန် ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့လို့ ဘရာဇီးလ်တို့ တတိယဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။
မာတင်နယ်လီရဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုး

အချိန်ပို ကစားရဖို့ သေချာသလောက် ရှိနေတဲ့ ပွဲချိန် ၉၅ မိနစ် မှာတော့ ဒရမ်မာဆန်ဆန် အလှည့်အပြောင်း ဖြစ်ပွားခဲ့ပါတယ်။ ဂျပန် ကွင်းလယ်လူ အို တာနာကာ ဂိုးဧရိယာအနီးမှာ ဘောလုံး အလုခံလိုက်ရရာက တစ်ဆင့် ဂီမာရေးစ်က ဖန်တီးပေးလိုက်ပြီး လူစားဝင် ကစားသမား မာတင်နယ်လီက ဂိုးတိုင် အတွင်းဘက်ကို ထိကာ ဝင်သွားစေမယ့် အပိုင်ကန်ချက်နဲ့ ဘရာဇီးလ် အတွက် ပွဲသိမ်း အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကြောင့် နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ ဘရာဇီးလ် အဖွဲ့သားတွေနဲ့ ပရိသတ်တွေ ပျော်ရွှင်မှု အထွတ်အထိပ် ရောက်ခဲ့ကြရပါတယ်။
စိတ်ဝင်စားဖွယ် မှတ်တမ်းများနဲ့ သုံးသပ်ချက်
မန်ချက်စတာယူနိုက်တက်မှာ ဒီရာသီ ခေါင်းတိုက်ဂိုး ၈ ဂိုး အထိ သွင်းယူထားနိုင်တဲ့ ကက်စ်မဲရိုးဟာ ဘရာဇီးလ် အတွက်လည်း အရေးပါတဲ့ ခေါင်းတိုက်ဂိုးကို သွင်းပေးခဲ့ပါတယ်။ အသက် ၃၄ နှစ်နဲ့ ၁၂၆ ရက် ရှိပြီ ဖြစ်တဲ့ သူဟာ ၁၉၉၈ က ဘီဘီတို (၃၄ နှစ် ၁၃၇ ရက်) ပြီးရင် ဘရာဇီးလ် အတွက် ကမ္ဘာ့ဖလားမှာ ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် အသက်အကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
နယူးကာဆယ် ကနေ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်နေတဲ့ ဂီမာရေးစ်ဟာ အခုပွဲမှာ အခွင့်အရေး ၄ ကြိမ် ဖန်တီးပေးခဲ့ပြီး အခု ကမ္ဘာ့ဖလားမှာ ဂိုးဖန်တီးမှု ၄ ကြိမ်နဲ့ အများဆုံး ဖြစ်နေပါတယ်။ ဘရာဇီးလ် သမိုင်းမှာတော့ ၁၉၇၀ က ပီလီ (၆ ကြိမ်) ပြီးရင် တစ်ပြိုင်ပွဲတည်းမှာ ဂိုးဖန်တီးမှု အများဆုံး ကစားသမား ဖြစ်လာဖို့ နီးစပ်နေပါတယ်။ ဘရာဇီးလ်ဟာ ပွဲအပြီးမှာ ဂိုးကန်ချက် ၁၉ ကြိမ် မျှော်မှန်းဂိုး (xG) ၁.၇၂ အထိ ရှိခဲ့ပြီး၊ ဂျပန်ကတော့ ဂိုးကန်ချက် ၅ ကြိမ် (xG) ၀.၂၃ သာ ရှိခဲ့ပါတယ်။ဘရာဇီးလ်တို့ အနိုင်ရပြီး နောက်တစ်ဆင့် တက်သွားပေမယ့် ပထမပိုင်း ကစားဟန်အရ ဗိုလ်စွဲဖို့ မျှော်မှန်းထားတယ် ဆိုရင် ဒီထက်မက ပိုမိုကောင်းမွန်တဲ့ ကစားကွက်ကို ပြသဖို့ လိုအပ်နေပါသေးတယ်။ ဘရာဇီးလ် အသင်း အနေနဲ့ ကမ္ဘာ့ဖလား နောက်တစ်ဆင့် မှာတော့ အိုင်ဗရီကို့စ် (သို့မဟုတ်) နော်ဝေ အသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


