အခုတစ်ခါမှာတော့ စပိန် ဘောလုံးလောကရဲ့ ထုံးတမ်းစဉ်လာတွေကို စိန်ခေါ်ပြီး ဥရောပ ပြိုင်ပွဲ ဝင်ခွင့်ကို အရယူနိုင်ခဲ့တဲ့ လာလီဂါ ကလပ် ဂီတာဖေး အကြောင်း ဆွေးနွေးကြည့်ရအောင်ပါ…။
ဘောလုံး ကစားနည်းမှာ အောင်မြင်မှု ရဖို့ နည်းလမ်းပေါင်းစုံ ရှိပါတယ်။ အားလုံးက ပပ် ဂွါဒီယိုလာလို ကစားဟန်မျိုး ကစားရမယ်လို့ မဆိုလိုသလို၊ ကစားချင်ကြတာလည်း မဟုတ်ပါဘူး။ ဂီတာဖေး အသင်းနဲ့ သူတို့ရဲ့နည်းပြ ဟိုဆေး ဘော့လ်ဒါလက်စ် တို့ဟာ အများက ‘အပျက်သဘောဆောင်တယ်’ လို့ သတ်မှတ်ထားတဲ့ ခံစစ်ပိတ် ကစားဟန်မျိုးနဲ့လည်း အောင်မြင်မှု ရယူနိုင်တယ် ဆိုတာကို လက်တွေ့ သက်သေပြနေကြပါတယ်။
အကယ်၍ မီခဲလ် အာတေးတားရဲ့ ‘ထောင့်ကန်ဘော အခြေပြု ကစားကွက်’ ဒါမှမဟုတ် ဟိုဆေး မော်ရင်ညိုရဲ့ ‘ဘတ်စ်ကား တစ်စီးလုံး ပိတ်ရပ်ထားတဲ့ ခံစစ်’ ကစားဟန်တွေကို ကြည့်ပြီး ရိုးအီ ညည်းငွေ့နေပြီ ဆိုရင်တော့ အခုပြောမယ့် အကြောင်းအရာက သင်ခန်းစာ အသစ် တစ်ခု ဖြစ်စေမှာ အသေအချာပါပဲ။ အသက် ၆၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နည်းပြ ဘော့လ်ဒါလက်စ်ဟာ ခေတ်သစ် စပိန် နည်းပြတွေနဲ့ လုံးဝကို ကွဲပြားခြားနားလွန်းသူ ဖြစ်ပါတယ်။
ထုံးစံအတိုင်းပါပဲ…။ အများနဲ့ မတူဘဲ သွေဖယ်ပြီး လုပ်ဆောင်တတ်သူတွေကို ဘောလုံးလောကက လုပ်ဖော်ကိုင်ဖက်တွေက သိပ်ပြီး ကြိုဆိုလေ့ မရှိကြပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက ဘာစီလိုနာ နည်းပြဟောင်း ကီကီ စက်တီယန်က ဘော့လ်ဒါလက်စ်ရဲ့ ကစားဟန်နဲ့ ပတ်သက်ပြီး “ဒါက ဘောလုံးကစားနည်း မဟုတ်ဘူး။ ဒါက တခြားအရာ တစ်ခုခုပဲ။ သူတို့ ကစားပုံကို မြင်ရင် ကျွန်တော့် သွေးတွေတောင် ဆူပွက်လာတယ်” လို့တောင် ပြစ်တင် ဝေဖန်ခဲ့ဖူးပါတယ်။
ရှင်းရှင်းပြောရရင်တော့ ဘာစီလိုနာရဲ့ တီကီတာကာ လို့ခေါ်တဲ့ အနုပညာဆန်ဆန် ကစားကွက်ကို အလေးထားသူတွေ ဆီကနေ ဘော့လ်ဒါလက်စ် အပေါ် ချီးကျူးတာမျိုး ကြားရမှာ မဟုတ်ပါဘူး။ ကွင်းလယ်လူဟောင်း ဇာဗီ ကလည်း ဘာစီလိုနာကို ကိုင်တွယ်စဉ်က စီတီယန်ရဲ့ အမြင်တူခဲ့ပြီး ဂီတာဖေးနဲ့ ဂိုးမရှိ သရေကျပြီးနောက်မှာ “သာမန် လူတစ်ယောက် ကတော့ ဒီလို ဘောလုံးပွဲမျိုးကို လုံးဝကြည့်ချင်မှာ မဟုတ်ဘူး” လို့ ညည်းတွားခဲ့ပါတယ်။
ဒါဟာ ဘော့လ်ဒါလက်စ် အတွက် ဂီတာဖေးကို ဒုတိယအကြိမ် ပြန်လည် ကိုင်တွယ်ခြင်း ဖြစ်ပါတယ်။ ၂၀၁၅-၂၀၁၆ ရာသီမှာ အသင်း တန်းဆင်းသွားခဲ့ရပြီးနောက် ဂီတာဖေးကို တန်းပြန်တက်လာအောင် လုပ်ဆောင်ဖို့ တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ သူတို့ရဲ့ ကစားပုံက ကြည့်ကောင်းမနေခဲ့ပေမယ့် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ချွေးနည်းစာနဲ့ ရုန်းကန်ရသလို ရိုးရှင်းပြတ်သားတဲ့ ပုံစံနဲ့ပဲ ရလဒ်ထွက်အောင် စွမ်းဆောင်ပြီး တန်းပြန်တက်ခွင့် ရယူပေးခဲ့ပါတယ်။
လာလီဂါကို ပြန်လည် ရောက်ရှိလာတဲ့ ပထမဆုံးရာသီမှာ ဂီတာဖေးကို အဆင့် မြင့်မြင့်မားမား မျှော်လင့်ထားသူ အနည်းငယ်သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဂီတာဖေးဟာ အားလုံးကို အံ့အားသင့်စေပြီး အဆင့် ၈ နေရာနဲ့ ရာသီပိတ်နိုင်ခဲ့ကာ အဆင့် ၇ က ဆီဗီလာနဲ့ ၃ မှတ် အကွာ ယူရိုပါလိဂ် ဝင်ခွင့်ကို ကံဆိုးစွာ လွဲချော်ခဲ့ရပါတယ်။
ဒီရာသီ ဂီတာဖေးဟာ ပျှမ်းမျှ ဘောလုံးပိုင်ဆိုင်မှု (၃၉.၅ ရာခိုင်နှုန်း) နဲ့ တစ်ပွဲကို တိကျတဲ့ ဘောလုံး ပေးပို့မှု (၁၉၉.၃ ကြိမ်)က လာလီဂါမှာ အဆင့် ၂၀ နဲ့ အနည်းဆုံး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဂီတာဖေးက ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံးထိချက် (၆၃၂ ကြိမ်) နဲ့ အဆင့် ၁၇ သာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တခြား တစ်ဖက်မှာတော့ သူတို့ဟာ တစ်ပွဲလျှင် ပေးဂိုး ပျှမ်းမျှ (၀.၉) ဂိုးသာ ရှိလို့ ပေးဂိုး အနည်းဆုံး အသင်း အဖြစ် အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ရူးသွပ်မှုလို့ ထင်ရတဲ့ ဗျူဟာတွေ နောက်ကွယ်မှာ တိကျတဲ့ စနစ်တစ်ခု ရှိနေတာ ထင်ရှားပါတယ်။
နောက်ပြီး ၂၀၁၈/၁၉ ရာသီ ကလည်း မီဒီယာတွေက ဂီတာဖေးနဲ့ ဘော့လ်ဒါလက်စ် တို့ကို အထင်သေးခဲ့ကြပြန်ပါတယ်။ ဒါဟာ ကံကောင်းလို့ ဖြစ်သွားတာပါ၊ တစ်ရာသီပဲ ခံတဲ့ အသင်းပါ၊ လာလီဂါလို လိဂ်မျိုးမှာ ဒီလို ကစားဟန်နဲ့ ရေရှည် အောင်မြင်မှု ဘယ်လိုမှ မရနိုင်ပါဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဂီတာဖေးဟာ ဝေဖန်မှုတွေ အားလုံး မှားယွင်းကြောင်း ထပ်မံ သက်သေပြခဲ့ပြီး ဒီတစ်ကြိမ် မှာတော့ အရင်ကထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ရာသီ နောက်ဆုံးပွဲစဉ် ဗီလာရီးရဲလ်နဲ့ ၂-၂ သရေကျခဲ့တဲ့ ပွဲရဲ့ ၈၇ မိနစ်မှာ ဂျရတ် မိုရီနိုရဲ့ သွင်းဂိုးသာ မရှိခဲ့ရင် ဘော့လ်ဒါလက်စ်ရဲ့ ဂီတာဖေးကို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မြင်တွေ့ခဲ့ရမှာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း စိတ်ပျက်စရာ ရာသီ တချို့ကို ဖြတ်သန်းခဲ့ရပြီးနောက် ဘော့လ်ဒါလက်စ်ဟာ ဗလင်စီယာထံ ပြောင်းရွှေ့သွားခဲ့ပြီး၊ ဂီတာဖေး ကတော့ အသင်းရဲ့ ကစားဟန် လမ်းကြောင်းကို ပြောင်းလဲဖို့ အတွက် ပိုမိုခေတ်မှီပြီး တိုက်စစ်ဆင် ကစားတတ်တဲ့ နည်းပြ ကီကေး ဆန်းချက်ဇ် ဖလောရက်စ်ကို ခန့်အပ်ခဲ့ပါတယ်။
ဘော့လ်ဒါလက်စ်ဟာ ဗလင်စီယာကို အဆင့် (၉) နေရာ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ကိုပါဒယ်ရေး ဗိုလ်လုပွဲ အထိ ပို့ဆောင်ပေးနိုင်ခဲ့လို့ အဆင်ပြေခဲ့တယ်လို့ ဆိုနိုင်ပေမယ့်၊ သူ့ရဲ့ ကစားဟန် ကတော့ ဗလင်စီယာ ပရိသတ်တွေ အတွက် မျိုချရခက်တဲ့ ဆေးခါးကြီး တစ်ခွက် ဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ကို ဂန်နာရို ဂတ်တူဆိုနဲ့ အစားထိုးခဲ့ပေမယ့် အီတလီသား ကလည်း ၂၂ ပွဲ ကိုင်တွယ်အပြီးမှာ ရာထူး ကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။
ဂီတာဖေး အသင်း ဘက်မှာတော့ အပြောင်းအလဲတွေက မြန်ဆန်လွန်းခဲ့ပုံရပြီး နှစ်နှစ်ဆက်တိုက် အဆင့် ၁၅ နေရာ မှာသာ ရာသီပိတ်နိုင်ခဲ့ပြီးနောက်မှာတော့ မူလကတည်းက ကောင်းမွန်စွာ လည်ပတ်နေတဲ့ စနစ်အဟောင်းကို အတင်းအဓမ္မ ပြင်ဆင်ဖို့ ကြိုးစားခဲ့တာ မှားသွားမှန်း သဘောပေါက်လာခဲ့ပုံပါပဲ။
လက်ရှိအချိန် မှာတော့ ဂီတာဖေးဟာ ဒီရာသီရဲ့ ကွန်ဖရင့်လိဂ် ဗိုလ်လုပွဲတက် အသင်း ဖြစ်တဲ့ ရာယို ဗလက်ကာနိုကို ၁ မှတ် အသာနဲ့ ကျော်ဖြတ်ပြီး လာမယ့်ရာသီ အတွက် ကွန်ဖရင့်လိဂ် ဝင်ခွင့်ကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအသင်း နှစ်သင်းရဲ့ ကစားဟန် ကွဲပြားခြားနားမှု ကတော့ တကယ့်ကို အံ့ဩစရာပါပဲ။
ဂီတာဖေးဟာ သူတို့ရဲ့ အင်အားထက် ပိုပြီး လွန်ကဲတဲ့ အောင်မြင်မှုကို ရယူနေတာ ဖြစ်ပါတယ်။ လက်ရှိ လာလီဂါမှာ သူတို့ရဲ့ ကစားသမား လုပ်ခလစာ သုံးစွဲမှုဟာ အဆင့် ၁၂ နေရာ မှာပဲ ရှိနေပြီး လစာ အများဆုံး ကစားသမား အယောက် ၁၀၀ စာရင်းထဲမှာ ဂီတာဖေး ကနေ ဘော့ဂျာ မာယိုရယ် တစ်ဦးတည်းသာ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ကိန်းဂဏန်းအချက်အလက်တွေကို ကြည့်ရင် ပိုပြီး ရှင်းလင်းသွားမှာ သေချာပါတယ်။ ဂီတာဖေးရဲ့ ကစားဟန်က မြန်ဆန်တယ်၊ တိုက်ရိုက်ဆန်တယ်၊ ရိုးရိုးသားသား ပြောရရင်တော့ သူတို့ရဲ့ ပွဲတွေက ကြည့်ရတာ မျက်စိပသာဒ မရှိလှပါဘူး။ ဘော့လ်ဒါလက်စ်ရဲ့ အသင်းဟာ မော်ရင်ဟိုတောင် ဆရာ ပြန်တင်ရလောက်မယ့် ဘောလုံးလောကရဲ့ Dark Arts ဆန်မှု (အချိန်ဆွဲခြင်း၊ ပြိုင်ဘက်ကို စိတ်အနှောင့်အယှက်ပေးခြင်း) တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်သူတွေ ဖြစ်ပါတယ်။
သူတို့ဟာ တစ်ပွဲ ပျှမ်းမျှ ပြစ်ဒဏ် ကျူးလွန်မှု (၁၅.၂ ကြိမ်) နဲ့ ပြစ်ဒဏ်ကျုးလွန်မှု အများဆုံး အသင်း ဖြစ်ခဲ့ပြီး၊ အဝါကတ် (၁၀၃) ကတ်နဲ့ ဒုတိယ အများဆုံး၊ အနီကတ် (၈) ကတ်နဲ့ တတိယ အများဆုံး ရရှိထားပါတယ်။ ပွဲစဉ် တစ်ပွဲလုံးကို သေချာကြည့်မယ် ဆိုရင် ပထမဆုံး သတိထားမိမှာက ဘောလုံးကွင်းထဲမှာ ကစားကွက် မလည်ပတ်တဲ့ အချိန် ဘယ်လောက်တောင် များသလဲ ဆိုတာပါပဲ။ ဒါပေမယ့် ဒါဟာ သူတို့ရဲ့ အမှားချည်းပဲတော့ မဟုတ်ပါဘူး။ လာလီဂါက ဒိုင်လူကြီးတွေဟာ ပြစ်ဒဏ်ဘော အတွက် ခရာမှုတ်ရတာကို အလွန် ဝါသနာပါကြတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘော့လ်ဒါလက်စ်က အခုလို ပြောခဲ့ဖူးပါတယ်။
“ဘောလုံးကစားနည်းရဲ့ စစ်မှန်တဲ့ အနှစ်သာရတွေ ပျောက်ဆုံးနေပြီး သဘာဝကျတဲ့ အရာတွေ အပေါ် ပုံကြီးချဲ့ တုံ့ပြန်မှုတွေ များနေပါတယ်။ ဥပမာ – ကျွန်တော်တို့ လိဂ်မှာ ဖောက်ဖျက်မှု သေးသေးမွှားမွှားက အစ အကုန်လုံးကို ပြစ်ဒဏ်ဘောပေးနေကြတယ်။ ပွဲက အရှိန်အဟုန် မရှိတော့ဘူး။ ဘယ်သူ့ဆီကမှ ကူညီမှု မရဘဲ အရာ အားလုံးက ပုံကြီးချဲ့ခံနေရတယ်။ မယုံနိုင်စရာ ပင်နယ်တီ ပေးတာတွေကို မြင်တွေ့နေရတယ်။ ကျွန်တော့် အနေနဲ့ ပွဲမတိုင်ခင် ရက်သတ္တပတ်တွေမှာ ကစားသမားတွေကို ဘောလုံးလုဖို့ ခုန်တဲ့အခါတိုင်း သတိထားဖို့၊ လက်အနေအထားတွေကို သတိထားဖို့၊ မြေပြင်ပေါ်ကို လွယ်လွယ်နဲ့ ဒိုင်ဗင်မထိုးဖို့ အမြဲတမ်း သတိပေးနေရတယ်။ တကယ်တော့ ဒါတွေက ထိတွေ့မှုရှိတဲ့ အားကစားနည်း တစ်ခုရဲ့ သဘာဝဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။” လို့ ဘော့လ်ဒါလက်စ်က ဆိုပါတယ်။
ကျန်တဲ့ စာရင်းဇယားတွေ ကလည်း တကယ့်ကို ထူးခြားပါတယ်။ ဂီတာဖေးဟာ မျှော်မှန်းဂိုး (xG) ၃၀.၆၊ တစ်ပွဲကို ဂိုးပေါက်တည့်မှု ၂.၈ ကြိမ်၊ အခွင့်အရေးကောင်း ဖန်တီးနိုင်မှု ၄၈ ကြိမ်၊ တစ်ပွဲကို တိကျတဲ့ ပေးပို့နိုင်မှု ၁၉၈.၄ ကြိမ်နဲ့ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံးထိချက် ၅၈၂ ကြိမ် တို့ဟာ လိဂ်ရဲ့ အောက်ဆုံး အဆင့် မှာသာ ရှိခဲ့ပါတယ်။ ဒါ့အပြင် တစ်ပွဲကို ပျှမ်းမျှ အိမ်ကွင်း ပရိသတ် လာရောက် ကြည့်ရှုမှု ကလည်း ၈၀၀၀ ကျော်လောက်သာ ရှိတာမို့လို့ လိဂ်မှာ အနည်းဆုံး ဖြစ်ပါတယ်။
တကယ်တမ်းဆိုရင် လာလီဂါ ကနေ တန်းဆင်းသွားရတဲ့ ရီးရဲလ် အိုဗီယေဒို တစ်သင်းတည်းသာ ဂီတာဖေးထက် ဂိုးသွင်းနည်းခဲ့တာပါ။ ဒါပေမယ့် တခြား တစ်ဖက် ဖြစ်တဲ့ ခံစစ်ပိုင်း မှာတော့ ဂီတာဖေး တို့ဟာ တော်တော်လေး စနစ်တကျ ရှိခဲ့ပြီး ကစားသမားတိုင်း ကလည်း ဘော့လ်ဒါလက်စ် အလိုရှိတဲ့ ကစားကွက်ဗျူဟာ အပေါ် ရာနှုန်းပြည့် ပေးဆပ်ကစားခဲ့ကြပါတယ်။
နိဂုံးချုပ်အားဖြင့် ဆိုရရင်တော့ ဘော့လ်ဒါလက်စ်ဟာ စပိန် ဘောလုံးလောကမှာ အမြင်ကွဲပြားမှု အများဆုံး ဖြစ်စေတဲ့ နည်းပြ တစ်ဦး ဆိုတာ သေချာပါတယ်။ ဒါပေမယ့် စပိန် ဘောလုံးလောက အနေနဲ့ အပြောင်းအလဲ ဖြစ်ဖို့ အတွက် အားလုံးနဲ့မတူဘဲ ကွဲပြားစွာ လုပ်ဆောင်ရဲတဲ့၊ အစဉ်အလာတွေကို ဖျက်စီးရဲတဲ့ ဒီလို နည်းပြမျိုးကို လိုအပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ ဂီတာဖေး ကတော့ သူတို့ရဲ့ ရွေးချယ်မှု အတွက် အသီးအပွင့်တွေ အဖြစ် ဥရောပ ဝင်ခွင့်ကို ရရှိခဲ့ပြီလည်း ဖြစ်ကြောင်း ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


