ဂျာမန် ဘောလုံးလောကဟာ ဘေယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါ ဖလားကို ခဏခဏ ရနေတာက လွဲရင် စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ရပ်ဝန်းတစ်ခု ဖြစ်ပါတယ်။ “ အသင်းကြီး” လို့ သတ်မှတ်ရမယ့် အသင်းတွေ အောက်လိဂ်ကို ကျသွားလိုက်၊ ပြန်တက်လာလိုက် ဖြစ်တာဟာ ဂျာမန် ဘောလုံး လောကမှာ သိပ်တော့ မထူးဆန်းလှပါဘူး။ ဒီအထဲမှာ ရှော်လ်ကေးလို အသင်းမျိုးလည်း ပါဝင်နေပါတယ်။
ရှော်လ်ကေး ကတော့ ဖော်တူနာ ဒူဆယ်ဒေါ့ဖ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက် တန်းပြန်တက်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အနိုင်ဂိုး ကိုတော့ တောင်ပံ ကစားသမား ကီနန် ကာရာမန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ အနေနဲ့ ဘွန်ဒက်စ်လီဂါ ကနေ တန်းဆင်းသွားခဲ့တာက ၃ နှစ် ရှိပြီ ဖြစ်ပြီး ၂၀၂၁/၂၂ ရာသီက တစ်ရာသီသာ ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီးနောက် အခုတော့ ထိပ်တန်း လိဂ်ဆီ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရှော်လ်ကေးဟာ ဒုတိယနေရာက ပါဒါဘွန်းထက် ၉ မှတ် အသာရရှိထားပြီး၊ တတိယနေရာက ဟန်နိုဗာထက် ၁၀ မှတ် အသာနဲ့ ရပ်တည်နေပါတယ်။ အကယ်၍ ရှော်လ်ကေးက ကျန်ရှိတဲ့ ပွဲစဉ် ၃ ပွဲမှာ ၁ မှတ် ရရှိရင်ကို ဘွန်ဒက်စ်လီဂါ ၂ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ကာ ဘွန်ဒက်စ်လီဂါဆီ တန်းတက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
နည်းပြ မီရွန် မူစလစ်ရဲ့ အသင်းက လက်တွေ့ကျကျ ကစားတတ်ပြီး သူတို့ အသင်းရဲ့ ဘောလုံး ကစားပုံက သိပ်တော့ ကြည့်ကောင်းခြင်း မရှိပါဘူး။ ရှော်လ်ကေးထက် ဂိုးပိုသွင်းနိုင်တဲ့ ပြိုင်ဘက် အသင်း ၆ သင်း ရှိနေသလို အဆင့် ၁၆ နေရာက မက်ဒီဘတ်နဲ့ ဂိုးအရေအတွက်က တူညီနေပါတယ်။ သူတို့ရဲ့ အောင်မြင်မှုက ခံစစ် အပေါ်မှာ တည်ဆောက်ထားခြင်း ဖြစ်ပြီး ၂၈ ဂိုးသာ ပေးထားရပြီး လိဂ်တွင် အကောင်းဆုံး ခံစစ် စံချိန် ဖြစ်နေပါတယ်။ တစ်ပွဲ ပျမ်းမျှ ဂိုး ၀.၉ ဂိုးသာ ပေးရပြီး၊ ၁၃ ပွဲ အထိ Clean sheets ရထားသလို တစ်ပွဲမှာ ဖျက်ထုတ် တားဆီးမှု ၁၉.၃ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
တကယ်တော့ ရှော်လ်ကေး အတွက် ဘွန်ဒက်စ်လီဂါကို တက်လှမ်းဖို့က မလွယ်ကူခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရာသီက အဆင့် ၁၄ နေရာမှာသာ ရပ်တည်ခဲ့ရပြီး ကလပ် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီ ဖြစ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်ကမှ စတင် တာဝန်ယူခဲ့တဲ့ အမှုဆောင်ချုပ် မာသီးယပ်စ် တီးလ်မန်းက ရှော်လ်ကေးလို အသင်းမျိုး ဒုတိယတန်းလိဂ်တွင် ရှိနေခြင်းသည် “ အမှား” တစ်ခုဖြစ်ကြောင်း AFP ကို ပြောကြားခဲ့ဖူးပါတယ်။
သူက “ပရိသတ်တွေ၊ အခြေခံအဆောက်အအုံတွေ အရ ဆိုရင် ကျွန်တော် တို့က ဒုတိယတန်းလိဂ် အသင်း မဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းရင်း တချို့ကြောင့် ဒီရောက်နေတာပါ။ အားကစားပိုင်း၊ ဘတ်ဂျက် သုံးစွဲမှု အပိုင်းမှာ အမှားတွေ ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်က ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတာဟာ ကိုဗစ်ကာလနဲ့ တိုက်ဆိုင်ပြီး ငွေကြေးပိုင်းမှာ အကြီးအကျယ် ဒုက္ခရောက်ခဲ့ရပါတယ်။ ပြီးတော့ ချက်ချင်း ပြန်ဆင်းသွားခဲ့ရတာ ကလည်း မကောင်းတဲ့ အချက်ပါ” လို့ ဆိုပါတယ်။
ရှော်လ်ကေးဟာ သူတို့ ထိန်းချုပ်လို့ မရတဲ့ အခြေအနေတွေကြောင့် ငွေကြေးပိုင်းမှာ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ ကိုဗစ်ရောဂါ အပြင် ရုရှား-ယူကရိန်း စစ်ပွဲကြောင့် စွမ်းအင် ကုမ္ပဏီကြီး Gazprom နဲ့ ရေရှည်စပွန်ဆာ စာချုပ်ကို ဖျက်သိမ်းလိုက်ရခြင်း ကလည်း အသင်း အတွက် အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

အမှန်တကယ်တော့ ရှော်လ်ကေးဟာ ဒီရာသီမတိုင်ခင် တန်းတက်နိုင်မယ့် အရိပ်အယောင်မျိုး မမြင်ခဲ့ရပါဘူး။ ဒါပေမယ့်လည်း ဒီရာသီ မှာတော့ အသင်း အတွက် စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကောင်းတွေ များစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ဇန်နဝါရီလမှာ ဖီအိုရင်တီးနား ကနေ ရောက်ရှိလာတဲ့ အသက် ၄၀ အရွယ် အီဒင် ဒီဂျက်ကိုက သူ့ရဲ့ အရည်အသွေးကို ပြသနိုင်ခဲ့ပါတယ်။ သူဟာ ပွဲစဉ် ၉ ပွဲမှာ ၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဂျက်ကိုရဲ့ ပါဝင်မှုဟာ ရှော်လ်ကေး အတွက် အလွန် အရေးပါခဲ့ပါတယ်။ သူဟာ ပွဲဦးထွက်ဂိုး သွင်းယူပေးခြင်း၊ ဒိုင်နမို ဒရက်စ်ဒင်နဲ့ ပွဲမှာ နှစ်ဂိုးသွင်းကာ သရေကျအောင် စွမ်းဆောင်ပေးခြင်းနဲ့ ဟော်စတင်ကီးလ် တို့ကို အနိုင်ရတဲ့ ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် လုပ်ပေးခြင်း တို့နဲ့ အသင်းကို ကူညီပေးခဲ့ပါတယ်။ ဒီဂျက်ကိုသာ မပါဝင်ခဲ့ရင် ရှော်လ်ကေးတို့ တန်းတက်လာနိုင်မလား ဆိုတာ ပြောဖို့တော့ ခက်ခဲပါတယ်။ သူဟာ dribble လုပ်တာ၊ Build-up လုပ်တာထက် အသင်း လိုအပ်တဲ့ အချိန်နဲ့ နေရာမှာ ပေါ်လာပြီး ဂိုးသွင်းပေးပြီး အကောင်းဆုံး စွမ်းဆောင်ပြနေခဲ့တာ ဖြစ်ပါတယ်။
တူရကီ တောင်ပံကစားသမား ကာရာမန် ကတော့ ရှော်လ်ကေးရဲ့ ဒီရာသီ အကောင်းဆုံး ကစားသမားလို့ ဆိုရမှာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သူက အသင်းတန်းဆင်းသွားခဲ့တဲ့ အချိန် ကတည်းက အသင်း အတွက် အကောင်းဆုံး ကစားပေးနေသူ ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ၂ ပြိုင်ပွဲ ၉၄ ပွဲမှာ ဂိုးပါဝင် ပတ်သတ်မှု ၅၈ ကြိမ် အထိ ရှိထားပါတယ်။
နောက်ထပ် ပြောစရာရှိတာက ဂိုးသမား လောရစ် ကာရီးယပ်စ်ရဲ့ ပြန်လည် မွေးဖွားလာမှု ဖြစ်ပါတယ်။ လစ်ဗာပူးလ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အမှားတွေ ကျူးလွန်ခဲ့ပြီးနောက် ယူနီယံဘာလင်၊ နယူးကာဆယ်တို့ မှာလည်း အဆင်မပြေခဲ့တဲ့ ကာရီးယပ်စ် အတွက် ဘောလုံး လောက ကနေ ထွက်ခွာသွားဖို့ အကြောင်းပြချက်တွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ ရှော်လ်ကေးထံ ရောက်ရှိလာပြီးနောက် သူ့အနေနဲ့ ပြန်လည် တောက်ပလာခဲ့တာ ဖြစ်ပါတယ်။
ပွဲဦးထွက်မှာ Clean sheet ရရှိခဲ့ပြီးနောက် အသင်း အတွက် အရေးပါတဲ့ ရမှတ်တွေ ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒဏ်ရာကြောင့် ရာသီကုန်ပိုင်းမှာ အနားယူခဲ့ရပေမယ့်လည်း၊ ဒီရာသီမှာ Clean sheet ၁၂ ကြိမ်နဲ့ အများဆုံး ရရှိထားပြီး၊ Save ရာခိုင်နှုန်း ၇၃.၀ နဲ့ ဒုတိယ အမြင့်ဆုံး အဖြစ် ရပ်တည်နေပါတယ်။ ရှော်လ်ကေး အတွက် ဂိုးသွင်း စံချိန်တင်ထားသူ ကလော့စ် ဖစ်ရှာ ကတော့ ကာရီးယပ်စ်ကို ဂျာမန် လက်ရွေးစင် အသင်း အတွက် ခေါ်ယူသင့်ကြောင်း အကြံပြုထားပါတယ်။
အကျဉ်းချုပ် အားဖြင့် ဆိုရရင်တော့ ရှော်လ်ကေးက ဘွန်ဒက်စ်လီဂါမှာ ရှိနေသင့်တဲ့ အင်အားကြီး အသင်း တစ်သင်း ဖြစ်ပါတယ်။ အတိတ်မှာ ချန်ပီယံလိဂ်ရဲ့ နောက်ဆုံးအဆင့်တွေ အထိ တက်လှမ်းနိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး အရင်လို အဆင့်မျိုး ပြန်ရောက်ဖို့ ဝေးကွာနေသေးပေမယ့်လည်း သူတို့ ပြန်ရောက်လာခြင်းက ဘောလုံးချစ်သူတွေ အတွက် ပျော်ရွှင်သင့်တဲ့ အခြေအနေပါ။ ဒါပေမယ့်လည်း အဲဒီ အထဲမှာ ဒေါ့မန် ပရိသတ်တွေတော့ ပါမယ် မထင်ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


