အသက် ၆၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟိုဆေး မော်ရင်ညိုဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အကြောင်း ကောင်းကောင်းသိသူ ဖြစ်ပေမယ့် ၂၀၁၃ ခုနှစ် ကတည်းက အရာအားလုံးဟာ အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။
လက်ရှိမှာ ရီးရဲလ်မက်ဒရစ်က ယိမ်းယိုင်နေတဲ့ အသင်းကို ပြန်လည် ထိန်းကျောင်းပေးဖို့ မန်နေဂျာသစ် တစ်ဦး ရှာဖွေနေပြီး သူတို့ရဲ့ စာရင်းထဲမှာ နာမည်ကြီး လူပြောများတဲ့ စပယ်ရှယ်ဝမ်း ဟိုဆေး မော်ရင်ညိုက ထိပ်ဆုံးက ပါဝင်နေပါတယ်။ တဖက်မှာလည်း ဇာဘီ အလွန်ဆိုရဲ့ သက်တမ်းတိုတို ရာထူးကို ဆက်ခံခဲ့တဲ့ လက်ရှိ နည်းပြ အဲလ်ဗာရို အာဘီလိုအာ အတွက်တော့ အဆုံးသတ်ကို ရောက်ရှိနေပြီ ဆိုရင်လည်း မမှားပါဘူး။ ရီးရဲလ်မက်ဒရစ် လူငယ်အသင်း နည်းပြဟောင်းဟာ သူ့ရဲ့ အစွမ်းကုန် ကြိုးစားမှုတွေ ကြားကပဲ စနစ်တကျ ပျက်စီးနေတဲ့ ရီးရဲလ်မက်ဒရစ်ကို မကယ်တင်နိုင်တာကြောင့် ဒီနွေရာသီမှာ ရာထူး ကနေ ထုတ်ပယ်ခံ ရဖို့ ရှိနေပါတယ်။
ယာဂန် ကလော့ပ်၊ မောရူစီယို ပိုချက်တီနိုနဲ့ ဒီဒီယာ ဒက်စ်ရွှမ့်စ် စတဲ့ နာမည်ကြီး နည်းပြတွေနဲ့ သတင်းတွေ ထွက်နေပေမယ့် The Athletic ရဲ့ ဖော်ပြချက်အရ ကလပ် ဥက္ကဋ္ဌ ဖလောရန်တီနို ပီရက်ဇ် သဘောအကျဆုံး ကတော့ မော်ရင်ညို ဖြစ်နေပါတယ်။ ဒါကြောင့် စပယ်ရှယ်ဝမ်းကြီးဟာ လာလီဂါဆီ တစ်ကျော့ပြန် ရောက်ရှိလာဖို့ ဖြစ်နိုင်ခြေတွေလည်း ရှိနေပါတယ်။
နစ်မြုပ်နေတဲ့ သင်္ဘောကြီးကို ပြန်လည် ဆယ်တင်ဖို့ ဝါရင့် နည်းပြကြီးကို ပြန်ခေါ်တာက ဆွဲဆောင်မှု ရှိသလို ထင်ရပေမယ့်၊ မော်ရင်ညိုရဲ့ ဒုတိယ သက်တမ်းဟာ ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ “အံ့အားသင့်စရာ ကောင်းလောက်အောင် အောင်မြင်သွားတာ” ဒါမှမဟုတ် “ဆိုးဆိုးဝါးဝါး ပျက်စီးသွားတာ” ပါပဲ။
သက်သေပြနေတဲ့ မော်ရင်ညိုရဲ့ အောင်မြင်မှု မှတ်တမ်း
မော်ရင်ညိုဟာ ၂၀၁၀ ကနေ ၂၀၁၃ အထိ ရီးရဲလ်မက်ဒရစ်ကို တာဝန်ယူခဲ့ပြီး အဲဒီ ၃ ရာသီ အတွင်း စပိန် ဘောလုံးလောကကို စိုးမိုးခဲ့ပါတယ်။ ပထမရာသီမှာ ကိုပါဒယ်ရေး ဖလား ရယူပေးခဲ့ပြီး ဒုတိယရာသီ မှာတော့ ရမှတ် ၁၀၀ စံချိန်နဲ့ လာလီဂါ ဖလားကို ရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံး မှာတော့ စပိန် စူပါဖလား ကိုပါ ရယူနိုင်ခဲ့ပါတယ်။
ဆုဖလား ၃ လုံး ဆိုတာ နည်းတယ်လို့ ထင်ရပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်တာ ကာာလ အတွင်း ရီးရဲလ်မက်ဒရစ်တို့ ဘာဆုဖလားမှ မရခဲ့တာကို ကြည့်ရင် ဒါဟာ အထင်ကြီးစရာ မှတ်တမ်း တစ်ခုပါ။ အရင်က ချန်ပီယံလိဂ် ဖလားတွေကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းဟာ အခုအချိန်မှာတော့ ကိုပါဒယ်ရေး ရဖို့တောင် ခက်ခဲနေတဲ့ အထိ အဆင့်အထိ နိမ့်ကျသွားခဲ့ရပါတယ်။
မော်ရင်ညိုဟာ ချန်ပီယံလိဂ် ဖလား မရခဲ့ပေမယ့် အသင်း သမိုင်းတစ်လျှောက် နိုင်ပွဲ ရာခိုင်နှုန်း ၇၁.၉၁ ရာခိုင်နှုန်းနဲ့ ဒုတိယ အမြင့်ဆုံး မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ ပွဲပေါင်း ၁၇၈ ပွဲမှာ ၁၂၇ ပွဲ နိုင်၊ ၂၈ ပွဲ သရေ၊ ၂၃ ပွဲပဲ ရှုံးခဲ့တာပါ။ အခုလို နိုင်ပွဲဖော်ဆောင်နိုင်တဲ့ စွမ်းရည်မျိုးဟာ လက်ရှိ အသင်းမှာ ပျောက်ဆုံးနေတာ ဖြစ်လို့ နိုင်ပွဲ ကိုပဲ ရှေ့တန်းတင်တဲ့ မော်ရင်ညိုရဲ့ စိတ်ဓာတ်ပိုင်းဟာ အသင်း အတွက် လိုအပ်ချက် တစ်ခု ဖြစ်နေနိုင်ပါတယ်။
သက်တမ်းကုန်ပစ္စည်းရဲ့ ဆွဲဆောင်မှု

မော်ရင်ညို မှတ်တမ်းကောင်းတွေ ရှိခဲ့ပေမယ့် ၂၀၁၃ ခုနှစ် ဘာနေဗျူး ကနေ ထွက်ခွာပြီး နောက်ပိုင်းမှာ ထိပ်တန်း အဆင့်မှာ မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ ၁၃ နှစ် အတွင်း ချဲလ်ဆီးမှာ အမှတ်ပေးဖလား ၁ ကြိမ်၊ မန်ယူနိုက်တက်နဲ့ ယူရိုပါလိဂ်နဲ့ ခရာဘောင်ဖလား၊ ရိုးမားမှာ ယူရိုပါကွန့်ဖရင့်လိဂ် စတဲ့ ဆုဖလား ၆ လုံးပဲ ရရှိခဲ့ပါတယ်။ တခြား နည်းပြသာ ဆိုရင် ဒီလိုမှတ်တမ်းမျိုးနဲ့ ကမ္ဘာ့အလိုအပ်ဆုံး အသင်းမှာ နည်းပြ ဖြစ်ဖို့ စဉ်းစားခံရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ကတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေရင်တောင် မျက်နှာဟောင်းတွေ ကိုပဲ ပြန်သုံးတတ်တဲ့ အလေ့အထ ရှိပါတယ်။
သမိုင်းတစ်ပတ်လည်ပြီး အသင်းကို ပိုမိုပျက်စီးစေနိုင်မှု
မော်ရင်ညို လက်ထက်မှာ အဝတ်လဲခန်း အတွင်း အဆင်မပြေမှုတွေ ဘယ်လောက် ဆိုးဝါးခဲ့သလဲဆိုတာ အားလုံး မှတ်မိကြမှာပါ။ အသင်းခေါင်းဆောင် ကာဆီးလက်စ်နဲ့ ရန်ဖြစ်တာ၊ ဘန်ဇီမာကို “ ကြောင်” လို့ တင်စားတာနဲ့ ရော်နယ်ဒိုနဲ့ အဆင်မပြေဖြစ်တာတွေ ရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးမှာ ကစားသမားတွေရဲ့ အတ္တကို ထိန်းကျောင်းနိုင်ဖို့က အရေးကြီးဆုံး ဖြစ်ပေမယ့် မော်ရင်ညို ကတော့ အဲဒီကိစ္စမှာ ၂ ရာသီထက် ပိုမခံနိုင်ဘူး ဆိုတာ သက်သေပြခဲ့ပြီးသားပါ။ ဒီလို ပွဲဆူစေမယ့်သူမျိုးကို ပြန်ခန့်တာဟာ ပြဿနာကို ဖိတ်ခေါ်နေသလိုပါပဲ။ အထူးသဖြင့် စည်းလုံးမှု ပျက်ပြားနေတဲ့ လက်ရှိ အဝတ်လဲခန်းထဲကို မော်ရင်ညိုလို နည်းပြမျိုး ရောက်လာရင် ပိုပြီးတော့တောင် ဆိုးသွားနိုင်ပါတယ်။
ဗင်နီးစီးယက်စ် ဂျူနီယာနဲ့ ပြဿနာ
အကြီးမားဆုံး စိုးရိမ်စရာ ကတော့ ဗင်နီးစီးယက်စ်ပါ။ သူဟာ မော်ရင်ဟို အကြိုက်တွေ့တဲ့ ခံစစ်လိုက်ကူတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ ဒါထက် ပိုဆိုးတာက ဒီရာသီ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘင်ဖီကာတို့ ကစားခဲ့တုန်းက ဖြစ်ရပ်ပါ။ ဗင်နီးစီးယက်စ်က လူမျိုးရေးခွဲခြားမှုကို တိုင်တန်းခဲ့ပေမယ့် အဲဒီအချိန်က ဘင်ဖီကာ နည်းပြ မော်ရင်ညိုက ဗင်နီးစီးယက်စ်ရဲ့ အောင်ပွဲခံပုံက ရန်စသလို ဖြစ်နေလို့ တုံ့ပြန်ခံရတာပါလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် “ငါ့ကလပ်ရဲ့ သမိုင်းမှာ အကြီးကျယ်ဆုံးသူက လူမည်း ဖြစ်လို့ ငါတို့ ကလပ်က လူမျိုးရေး မခွဲခြားဘူး” လို့ ပြောခဲ့တာကြောင့် ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရပါတယ်။
ဒီလို အမည်းစက်ရှိတဲ့သူကို လူမည်း ကစားသမား အများစု ရှိတဲ့ အသင်းကို ဦးဆောင်ခိုင်းဖို့ ပီရက်စ်က စဉ်းစားနေတာဟာ အန္တရာယ်ကြီးပါတယ်။ အထူးသဖြင့် ဗင်နီးစီးယက်စ်နဲ့ မော်ရင်ညိုကို အတူတွဲပေးလိုက်တာဟာ ပေါက်ကွဲဖို့ စောင့်နေတဲ့ ဗုံးတစ်လုံးလိုပါပဲ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


