မန်ချက်စတာစီးတီး ကတော့ ချန်ပီယံလိဂ်မှာ စိတ်ပျက်စရာ ရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အခု တပတ် ပရီးမီးယားလိဂ် မှာတော့ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာက အခုပွဲကို အပြည့်အဝ အာရုံစိုက်ထားပြီး အကယ်၍ ရမှတ် ထပ်မံလျော့ပါးသွားမယ် ဆိုရင် မန်စီးတီးရဲ့ ဖလားမျှော်လင့်ချက်ဟာ အဆုံးသတ်သွားလိမ့်မယ်လို့ ဆိုပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော့တင်ဟမ်ဖောရက်စ်ကို ၂-၂ နဲ့ သရေကျခဲ့သလို၊ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ မှာလည်း ရီးရဲလ်မက်ဒရစ်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဒုတိယအကျော့ ပွဲစဉ်ကို လာမယ့် တပတ် အက်တီဟတ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့် ဂွါဒီယိုလာ ကတော့ ဇယားထိပ်က အာဆင်နယ်နဲ့ ၇ မှတ်အကွာ အခြေအနေမှာ ရှိနေတဲ့ လိဂ်ပွဲစဉ် ကိုပဲ အဓိကထားနေပါတယ်။ ဂန်းနား တို့ဟာ မန်စီးတီးထက် စောပြီး ကစားရမှာဖြစ်လို့ ရမှတ် ကွာဟချက် ၁၀ မှတ် အထိ ရှိသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို ၃-၀ နဲ့ ရှုံးနိမ့်ထားတာကို ပြန်လည် ကျော်ဖြတ်နိုင်မလားလို့ မေးမြန်းရာ မှာတော့ ပပ် ဂွာဒီယိုလာက အခုလိုပဲ ပြန်လည် ဖြေကြားခဲ့ပါတယ်။ “ဝက်စ်ဟမ်းပါ။ အခုလောလောဆယ် ဝက်စ်ဟမ်းပွဲပဲ ရှိပါတယ်။ ဒီလို ပွဲမျိုးတွေက ခက်ခဲပါတယ်။ ကိုယ်ဘယ်လောက်ပဲ စီမံချက်တွေ လုပ်ထားလုပ်ထား ဖြစ်မလာတတ်ပါဘူး။ ကိုယ်ကစားရမယ့်ပွဲ ကိုပဲ အကောင်းဆုံး ကစားရမယ်၊ ပွဲပြီးမှသာ ကိုယ့်မှာ အခွင့်အရေး ရှိမရှိ သိရမှာပါ။ ဟုတ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ဖို့ ခက်ခဲပါတယ်။ လောလောဆယ်တော့ ဝက်စ်ဟမ်းနဲ့ ပွဲပါပဲ။ ပရီးမီးယားလိဂ်က အခက်ခဲဆုံး ပြိုင်ပွဲလို့ ကျွန်တော် ယုံကြည်တယ်၊ အမှတ်ထပ်လျော့ရင်တော့ အားလုံး ပြီးဆုံးသွားပြီ ဆိုတာကို သိလျက်နဲ့ပဲ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနေတာပါ။” လို့ ဂွါဒီယိုလာက ဆိုပါတယ်။

ဆက်လက်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ တိုက်စစ်ဆန်လွန်းတဲ့ လူထုတ်ပုံနဲ့ နည်းဗျူဟာကြောင့် ဝေဖန်ခံနေရတာနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက ခနဲ့တဲ့တဲ့ ပုံစံနဲ့ အခုလို တုံ့ပြန်ခဲ့ပါတယ်။ “ကျွန်တော့်ကို ‘ဂွာဒီယိုလာက ပါရမီရှင်ပဲ’ လို့ ဘယ်နှစ်ကြိမ်တောင် ပြောခဲ့ကြဖူးလဲ။ ကျွန်တော် လူထုတ်တာမှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ ကစားသမားတွေရဲ့ အဟုန်နဲ့ တခြား အချက်အလက်တွေ အများကြီးပါပဲ။” လို့ ဂွါဒီယိုလာက ဆိုပါတယ်။
ဆက်လက်ပြီး သူက ၂၀၂၁ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဖာနန်ဒင်ဟိုကို ချန်လှပ်ပြီး ဂွန်ဒိုအန်ကို သုံးခဲ့လို့ ဝေဖန်ခံခဲ့ရတာ ကိုလည်း ပြန်လည် ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။ “အဲ့ဒီတုန်းက ကျွန်တော် ဝေဖန်မှုတွေကြောင့် အလဲအလဲအကွဲကွဲ ဖြစ်ခဲ့ရတယ်။ နိုင်ရင်တော့ ပါရမီရှင်ပေါ့။ ရှုံးရင်တော့ အားလုံးက မှားယွင်းသွားတာပါပဲ။ ၁၀ နှစ် ကြာပြီးတဲ့ နောက်မှာ ကျွန်တော် ဘယ်သူ့ကိုမှ ရှင်းပြ ဆွဲဆောင်နေမှာ မဟုတ်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ရှုံးခဲ့လို့ပါ။ ရှုံးရင် အားလုံးက ဆိုးရွားတာပဲလေ။ ကျွန်တော် ကတော့ အကောင်းဆုံး ဖြစ်အောင် ကိုယ့်အလုပ်ကိုယ် လုပ်ရမှာပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။
တစ်ဖက် မှာလည်း ဝက်စ်ဟမ်းက ပရီးမီးယားလိဂ် တန်းဆင်းဇုန် တိုက်ပွဲဝင်နေရပြီး လက်ရှိမှာ အဆင့် ၁၈ နေရာမှာ ရှိနေပါတယ်။ ဒါပေမယ့် နည်းပြ ဗစ်တာ ပါရဲယားရဲ့ အသင်းဟာ တနင်္ဂနွေနေ့မှ ကစားရမှာ ဖြစ်လို့ ဒီပွဲမှာသာ ရှုံးနိမ့်ခြင်း မရှိရင် တန်းဆင်းဇုန် ကနေ ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားပြီး (၂ ပွဲ နိုင်၊ ၂ ပွဲ သရေ) နောက်ဆုံးပွဲမှာ ဖူလ်ဟမ်ကို အနိုင်ရခဲ့လို့ စိတ်ဓာတ်တက်ကြွနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


