ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးရဲ့ ကွင်းလယ် ပင်မဒေါက်တိုင် ဖြစ်တဲ့ ရိုဒရီ ကတော့ အသင်း ဆက်ရှိနေဖို့ မသေချာကြောင်း သတင်းတွေ ထပ်မံ ထွက်ပေါ်လာပါတယ်။ စပိန်သားဟာ ပြင်းထန်တဲ့ ဒဏ်ရာ ပြဿနာတွေကို ကျော်ဖြတ်ပြီး မန်ချက်စတာစတီး အတွက် ပုံမှန် ပြန်လည် ကစားပေးနေပြီ ဖြစ်ပေမယ့် သူ့ရဲ့ အနာဂတ် ကတော့ ပပ် ဂွါဒီယိုလာရဲ့ အသင်းမှာ ဆက်ရှိနေမလား ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
၂၀၂၄ ခုနှစ် ရွှေဘောလုံးဆုရှင် (ဘယ်လွန်ဒေါ) စပိန် လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီဟာ မန်စီးတီးရဲ့ အောင်မြင်မှုတွေနဲ့ စပိန် အသင်း ယူရို ၂၀၂၄ ဖလား ရရှိရေးတို့မှာ အဓိကကျခဲ့သူပါ။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ ရာသီ အများစုကို ဒူးအရွတ်ပြဲ ဒဏ်ရာ (ACL) ကြောင့် အနားယူခဲ့ရပါတယ်။ လက်ရှိမှာ အသက် ၂၉ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ရိုဒရီဟာ မန်စီးတီး အတွက် ပြန်လည် ကစားပေးနေနိုင်ပြီ ဖြစ်ပေမယ့် ၂၀၂၇ မှာ သက်တမ်း ကုန်ဆုံးမယ့် သူ့ရဲ့ စာချုပ်အခြေအနေကြောင့် အသင်း ကနေ ထွက်ခွာတော့မယ် ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။
လောလောဆယ်မှာ ရိုဒရီကို ခေါ်ယူဖို့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အပါအဝင် အသင်းကြီး တချို့က စိတ်ဝင်စားနေကြပါတယ်။ သူ့ရဲ့ ဖခင် အန်တိုနီယို ဟာနန်ဒက်ဇ် ကလည်း သားဖြစ်သူဟာ မန်စီးတီးမှာ ပျော်ရွှင်နေတယ်လို့ ဆိုထားပေမယ့် အနာဂတ် အတွက်တော့ မရေရာ မသေချာတဲ့ စကားမျိုးကို အခုလို ပြောကြားခဲ့ပါတယ်။
သတင်းထောက်တွေက ရိုဒရီရဲ့ နောက်ထပ် ခြေလှမ်း အကြောင်း မေးမြန်းတဲ့အခါ မှာတော့ သူက “ကျွန်တော် ခင်ဗျား တို့ကို ပြောလိုက်ရင် ခင်ဗျား တို့ကို -တ်ပစ်ရလိမ့်မယ်။ ကျွန်တော် ဘာမှအတိအကျ မပြောနိုင်ပါဘူး။ သူ (ရိုဒရီ) ကတော့ လက်ရှိ နေရာမှာ အရမ်းပဲ သက်တောင့်သက်သာ ရှိနေပါတယ်။ သူကိုယ်တိုင်လည်း ဘယ်မှာ ဆက်ကစားမလဲ ဆိုတာ မသိသေးတာ ဖြစ်နိုင်သလို၊ လက်ရှိမှာ ဆွေးနွေးမှုတွေတော့ လုပ်နေပါတယ်။ ဒါပေမယ့် ကျွန်တော် ဘာမှမသိပါဘူး။ သမိုင်း ကတော့ ဆက်ရေးရဦးမှာပဲလေ။” လို့ ဆိုပါတယ်။

ဒါ့အပြင် ဒဏ်ရာ ကနေ ပြန်လာရတဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး “ရွှေဘောလုံးဆုရှင် တစ်ယောက် အနေနဲ့ ရုတ်တရက် ရပ်တန့်လိုက်ရပြီး တစ်နှစ်အကြာမှာ အရင်လို ပြန်ဖြစ်အောင် ကြိုးစားရတာ တကယ်ကို ခက်ခဲပါတယ်။ ဒီနှစ်က သူ့ အတွက် တကယ့်ကို ပင်ပန်းခဲ့ပေမဲ့ တစ်နှစ် နားခဲ့ရတာကို ကောင်းကောင်း ပြန်လည် ကုစားနိုင်ခဲ့ပါပြီ။ အခုတော့ ကမ္ဘာ့ဖလားကို သွားချင်တဲ့စိတ်က ပြင်းပြနေပါတယ်။ သူ လေ့ကျင့်ခန်းတွေ ကောင်းကောင်း လုပ်နေသလို ပထမဆုံးပွဲ မှာတင် အရင်က ရိုဒရီ အတိုင်း ပြန်ဖြစ်နေတာကို တွေ့ရလို့ မိသားစုဝင်တွေ အနေနဲ့ သူ့အပေါ် အပြည့်အဝ ယုံကြည်မှုရှိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
တကယ်တော့ မန်စီးတီး အတွက် ရိုဒရီရဲ့ အရေးပါမှုဟာ ကိန်းဂဏန်းတွေ အရ သိသာ ထင်ရှားပါတယ်။ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီက စပြီး ရိုဒရီ မပါဝင်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ၅၃ ပွဲမှာ မန်စီးတီးဟာ ၃၁ ပွဲ (၅၈.၅ ရာခိုင်နှုန်း) သာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ရိုဒရီ ပါဝင်ကစားတဲ့ ၈၇ ပွဲ မှာတော့ မန်စီးတီးက ၆၂ ပွဲ အထိ အနိုင်ရခဲ့လို့ နိုင်ပွဲ ရရှိမှု ရာခိုင်နှုန်းဟာ ၇၁.၃ ရာခိုင်နှုန်း အထိ ရှိနေပါတယ်။
ရိုဒရီဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားထားပြီး ၁၀ ပွဲမှာ ပွဲထွက်ကစားသမား အဖြစ် ပါဝင်ခဲ့ပါတယ်။ ရိုဒရီသာ အသင်း ကနေ ထွက်ခွာသွားမယ်ဆိုရင် ဒီဘရွန်းနားလိုပဲ အစားထိုးဖို့ အသင့်တော်ဆုံး ကစားသမားကို မန်စီးတီးတို့ ခက်ခက်ခဲခဲ ရှာဖွေရဦးမှာ သေချာပါတယ်။ ဒါမှမဟုတ် ရိုဒရီ တယောက် အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်ပြီး မန်စီးတီး အတွက်ပဲ ဆက်လက် သစ္စာခံသွားမလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


