ရီးရဲလ်မက်ဒရစ် နည်းပြ အဲလ်ဗာရို အာဘီလိုအာက ထရန့် အလက်ဇန္တား-အာနိုးလ်ကို အသင်း အတွက် ရေရှည် အသုံးချနိုင်ဖို့နဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ဒုတိယဝက်မှာ ပုံမှန် ခြေစွမ်း ပြန်လည် ရရှိစေဖို့ အတွက် “ အထူး ဂရုစိုက်ပြီး ဖြည်းဖြည်းချင်း လုပ်ဆောင်သွားမယ်” လို့ ပြောဆိုလိုက်ပါတယ်။ အာနိုးလ်ဟာ ဗလင်စီယာကို အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ပြန်လည် ကစားပေးနိုင်ခဲ့ပြီး ခြေစွမ်းလည်းပြနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပေါင်ကြွက်သား ဒဏ်ရာ ရရှိခဲ့တဲ့ အာနိုးလ်ဟာ တနင်္ဂနွေနေ့ညက ဗလင်စီယာကို ၂-၀ နဲ့ အနိုင်ရတဲ့ ပွဲမှာ နှစ်လကျော် အတွင်း ပထမဆုံး အကြိမ် ပြန်လည် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၇၆ မိနစ်မှာ လူစားလဲ ဝင်ရောက်လာတဲ့ အင်္ဂလန် ကြယ်ပွင့်ဟာ မိနစ် အနည်းငယ် အတွင်း မှာတင် တိုက်စစ်ဇုန်ထဲကို ပေးပို့မှု ၅ ကြိမ်၊ တိကျတဲ့ အဝေးဘော ၃ ကြိမ်နဲ့ အရေးပါတဲ့ ဖျက်ထုတ်မှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။
ဒီလို ခြေစွမ်းပြနိုင်မှုကြောင့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်တွေ နီးကပ်လာချိန်မှာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်က ပိုမို ကြီးထွားလာကြပါတယ်။ ဒါပေမယ့် အာဘီလိုအာ ကတော့ အနားယူနေရတာ ကြာပြီ ဖြစ်တဲ့ အာနိုးလ်ကို ချက်ချင်းကြီး ပွဲထုတ်သွားမှာ မဟုတ်ကြောင်း အခုလို ပြောကြားခဲ့ပါတယ်။
“ထရန့်ရဲ့ အခြေအနေ ကတော့ အကြာကြီး အနားယူခဲ့ရတဲ့ အတွက် တခြား ဒဏ်ရာက ပြန်လာတဲ့သူတွေ လိုပဲ စနစ်တကျ ကိုင်တွယ်သွားမှာပါ။ ကျွန်တော်တို့ သတိထားပြီး အေးအေးဆေးဆေးပဲ သွားပါမယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ အလိုချင်ဆုံးက သူ့ရဲ့ ကစားဟန်နဲ့ စည်းချက်ကို အကောင်းဆုံး ပြန်ရဖို့ပဲ ဖြစ်ပါတယ်။” လို့ ဗလင်စီယာနဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ပရိသတ်တွေ ကတော့ အာနိုးလ်ကို ပွဲတိုင်း မြင်ချင်နေကြမှာ ဖြစ်ပေမယ့် အာဘီလိုအာရဲ့ အစီအစဉ်က ရီးရဲလ်မက်ဒရစ်ရဲ့ ရေရှည်အောင်မြင်မှု အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်နိုင်ပါတယ်။ အသက် ၂၇ နှစ် အရွယ် အာနိုးလ် အတွက်တော့ အဖြူရောင်ဝတ်စုံနဲ့ ပထမဦးဆုံးရာသီဟာ နွေရာသီ ကတည်းက ဒဏ်ရာတွေနဲ့ နပန်းလုံးနေခဲ့ရလို့ စိတ်ပျက်စရာကောင်းခဲ့ပါလိမ့်မယ်။ သူဟာ ကြွက်သား ဒဏ်ရာကြောင့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို လွဲချော်ခဲ့သလို၊ စက်တင်ဘာလ မှာလည်း ပေါင်နောက်ကြော ဒဏ်ရာကြောင့် နိုဝင်ဘာလ အထိ နားခဲ့ရပါတယ်။ အဲဒီနောက် တစ်လ အကြာမှာပဲ ပေါင်ရှေ့ ကြွက်သား ဒဏ်ရာ ထပ်ရခဲ့တာပါ။
အာနိုးလ်ကို အခုအချိန်မှာ အတင်းအကြပ် ပွဲထုတ်လိုက်လို့ ဒဏ်ရာဟောင်း ပြန်ပေါ်ခဲ့ရင် ရာသီရဲ့ အရေးအကြီးဆုံး အချိန်မှာ အသင်း အတွက် အကြီးအကျယ် နစ်နာသွားနိုင်ပါတယ်။ ချန်ပီယံလိဂ် မျှော်လင့်ချက်နဲ့ လာလီဂါ ချန်ပီယံဆုကို လက်တစ်ကမ်း အလို ရောက်နေချိန်မှာ ရီးရဲလ်က အာနိုးလ်ကို တတိယအကြိမ်မြောက် အဆုံးရှုံးမခံနိုင် ဖြစ်နေတာပါ။
အာနိုးလ်နဲ့ ကာဗာဟယ်တို့ ဒဏ်ရာမရခင်မှာ သူတို့ နှစ်ဦး အကြားမှာ ကြီးမားတဲ့ ပြိုင်ဆိုင်မှု တစ်ခု ရှိခဲ့ပါတယ်။ နည်းပြဟောင်း ဇာဘီ အလွန်ဆို လက်ထက် မှာတော့ သူတို့ နှစ်ဦးကို အလှည့်ကျ သုံးခဲ့ပြီး အာနိုးလ်ရဲ့ တိုက်စစ် လိုက်ပါမှုထက် ကာဗာဟယ်ရဲ့ ခံစစ် မာကျောမှုကို ပိုပြီး ဦးစားပေးခဲ့တာတော့ တွေ့ရပါတယ်။
ဒါပေမဲ့ ဇန်နဝါရီလမှာ ကာဗာဟယ် ဒဏ်ရာက ပြန်လာချိန်မှာတော့ အာဘီလိုအာက နည်းပြသစ် ဖြစ်နေပါပြီ။ အသက် ၄၃ နှစ် အရွယ် အာဘီလိုအာဟာ ကာဗာဟယ်ကို အဲလ်ဘာစီတေးနဲ့ မိုနာကို ပွဲတွေမှာ လူစားဝင် အဖြစ်သာ သုံးခဲ့ပြီး နောက်ဆုံး ၄ ပွဲ မှာတော့ လုံးဝ ချန်လှပ်ထားခဲ့ပါတယ်။ ဗလင်စီယာနဲ့ ပွဲမှာတောင် ကာဗာဟယ် အစား လူငယ် ကစားသမား ဒေးဗစ် ဟင်မီနက်ဇ် ကိုသာ ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။
အာဘီလိုအာ ကတော့ အသက် ၃၄ နှစ်အရွယ် ကာဗာဟယ်နဲ့ ပတ်သက်ပြီး “ ဘယ်လို စွန့်စားမှုမျိုးမှ လုပ်မှာ မဟုတ်ဘူး” လို့ ပြောဆိုထားပေမဲ့ ချန်ပီယံလိဂ် ၆ ကြိမ် ရထားတဲ့ ဝါရင့် နောက်ခံလူ တစ်ဦး အတွက်တော့ အခြေအနေက သိပ်မကောင်းလှပါဘူး။ ရှေ့လျှောက်မှာ အာဘီလိုအာ အနေနဲ့ အာနိုးလ်နဲ့ ကာဗာဟယ်ကို ပွဲထွက်ခွင့် အပြိုင်လုခိုင်းမလား။ ဒါမှမဟုတ် လာလီဂါ ထိပ်သီး တို့က အာနိုးကိုပဲ အဓိကထားပြီး ကာဗာဟယ်ကို အရန် အနေနဲ့ သုံးမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


