ဒီကနေ့ မနက် အစောပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာတော့ အလာဗက်စ်ကို ရီးရဲလ်မက်ဒရစ်က အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ လက်ရှိမှာ ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယား ထိပ်ဆုံးက ဘာစီလိုနာ ကိုလည်း ၄ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးထားနိုင်ခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါမှာ ဆဲလ်တာဗီဂိုကို အိမ်ကွင်းမှာ ရှုံးခဲ့သလို ချန်ပီယံလိဂ် မှာလည်း မန်စီးတီးကို အိမ်ကွင်းမှာ ထပ်ရှုံးတဲ့ ရီးရဲလ်မက်ဒရစ်က ဒီနေ့ ပွဲမှာလည်း ခြေစွမ်းပိုင်း လိုအပ်ချက် များစွာ ရှိနေခဲ့တာပါ။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်တို့ အတွက် နိုင်ပွဲ ရလိုက်တာကြောင့် နည်းပြ ဇာဘီ အလွန်ဆိုနဲ့ သူ့ရဲ့ အသင်းသားတွေ အသက်ရှူချောင်သွားခဲ့တယ်လို့ပဲ ဆိုရမှာပါ။ တစ်ဖက်က အိမ်ရှင် အလာဗက်စ် ကလည်း ဒီနေ့ပွဲမှာ ရီးရဲလ်မက်ဒရစ် ဆီကနေ သရေ ၁ မှတ် ခွဲယူသွားနိုင်လောက်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ လူစာရင်းမှာ ကီလီယန် အမ်ဘာပေး ပြန်လည် ပြန်လည် ပါဝင်လာနိုင်ခြင်းနဲ့ အတူ ဗင်နီးစီးယပ်စ်၊ ဘယ်လင်ဟမ်၊ ချူအာမန်နီ၊ အာဒါ ဂူလာ၊ ရိုဒရီဂို စတဲ့ ကစားသမားတွေနဲ့ လူစုံခဲ့ပါတယ်။ ဒဏ်ရာရ ပွဲပယ် များနေတဲ့ ခံစစ်ပိုင်းမှာတော့ ဗယ်လ်ဗာဒီ၊ အဆန်စီယို၊ ရူဒီဂါနဲ့ ဗယ်လ်ဒီပန်နက်စ်တို့ ပွဲထွက်လာခဲ့ကြပါတယ်။ ဒီနေ့ပွဲ ကိုတော့ ရီးရဲလ်မက်ဒရစ် ဘက်က အဓိက ကစားသမား ၉ ဦးလောက် အထိ လွဲချော်ခဲ့ပေမယ့် အလာဗက်စ် ကတော့ သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် တို့က ရီးရဲလ်မက်ဒရစ်ကို ပိုမို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်း မှာတော့ ဧည့်သည် အသင်းက ပိုသာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ၂၄ မိနစ်မှာ ဘယ်လင်ဟမ်ရဲ့ ဖန်တီးပေးမှု ကနေ ကီလီယန် အမ်ဘာပေးက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ၆၈ မိနစ် အရောက် မှာတော့ အလာဗက်စ်တို့ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပြီး ကားလို့စ် ဗီစန်တီက သွင်းယူခဲ့တာပါ။ အဲဒီနောက် ရီးရဲလ်မက်ဒရစ်တို့ ပြိုင်ဘက်ကို ပိုမို ဖိအားပေး ကစားခဲ့ပြီး ၇၆ မိနစ် အရောက်မှာတော့ ရိုဒရီဂိုက လော့စ်ဘလန်ကိုတို့ အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
အလွန်ဆိုရဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ နောက်ဆုံး ၅ ပွဲမှာ ဒုတိယမြောက် နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။ ဆက်တိုက် နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇယားကို အမှားအယွင်း မရှိ ဦးဆောင်နေတဲ့ ဘာစီလိုနာနဲ့တော့ ရီးရဲလ်က ၄ မှတ် ပြတ်နေဆဲ ဖြစ်ပါတယ်။
လာမယ့် ကြားရက် မှာတော့ ရီးရဲလ်မက်ဒရစ်က စပိန် အောက်တန်း အသင်းငယ်လေး တာလာဗီရာ ဒီလာ ရိန်နာနဲ့ ကိုပါဒယ်ရေး ပွဲစဉ် ကစားရမှာ ဖြစ်ပြီး လာလီဂါ ပွဲစဉ် ၁၈ မှာတော့ ဆီဗီလာနဲ့ ကစားရမှာပါ။ အလာဗက်စ် ကတော့ ဆီဗီလာနဲ့ ကိုပါဒယ်ရေး ကစားပြီးရင် လာလီဂါ မှာတော့ အိုဆာဆူနာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


