လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ လာမယ့် ဘောလုံး ရာသီမှာ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ အတွက် ပရီးမီးယားလိဂ် နောက်ခံလူတွေကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အစောပိုင်းမှာ အာဆင်နယ်ရဲ့ ပြင်သစ် ခံစစ် ကြယ်ပွင့် ဝီလီယမ် ဆလီဘာကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
လက်ရှိ မှာတော့ ရီးရဲလ်မက်ဒရစ်က လစ်ဗာပူးလ် နောက်ခံလူ အီဘရာဟီမာ ကိုနာတေးနဲ့ အဲဗာတန် နောက်ခံလူ ဘရန့်ဝိတ်သ် တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စပိန် အခြေစိုက် နာမည်ကြီး အားကစား သတင်းစာ AS ရဲ့ ဖော်ပြချက်အရတော့ ရီးရဲလ်မက်ဒရစ်က အသင်းရဲ့ ဝါရင့်နောက်ခံလူ ရူဒီဂါရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ အတွက် ထိပ်တန်း နောက်ခံလူတွေကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အခြားသော လိဂ်တွေက နောက်ခံလူတွေထက် ပရီးမီးယားလိဂ်က နောက်ခံလူတွေကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီးတော့ အဲဒီအထဲမှာ အသက် ၂၅ နှစ် အရွယ် လစ်ဗာပူးလ် နောက်ခံလူ ကိုနာတေးနဲ့ အသက် ၂၂ နှစ် အရွယ် အဲဗာတန် နောက်ခံလူ ဘရန့်ဝိတ်သ် တို့လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ကိုနာတေးဟာ လစ်ဗာပူးလ်နဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီးတော့ လစ်ဗာပူးလ် ဘက်ကတော့ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အင်္ဂလန် နောက်ခံလူ ဘရန့်ဝိတ်သ် ကတော့ အဲဗာတန်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပြီးတော့ သူ့ကို ခေါ်ယူဖို့တော့ ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ အကုန်မှာ လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် အင်္ဂလန် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် ကိုလည်း လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
လာလီဂါ ကလပ်ဟာ ဒီရာသီမှာ အဓိက ကစားသမားတွေ ဒဏ်ရာရရှိနေမှုကြောင့် ရလဒ်ပိုင်းကို ထိခိုက်မှုတွေ ရှိနေပြီး အဓိက ကတော့ ခံစစ်ပိုင်းမှာ အားနည်းမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ နည်းပြ ကာလို အန်ဆယ်လော့တီ အနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ ကွင်းလယ် ကစားသမားတွေကို ခံစစ်မှာ အသုံးပြု ပွဲထွက်နေရတဲ့ အထိ ရီးရဲလ်မက်ဒရစ်ရဲ့ ခံစစ်ပိုင်းက အားနည်းနေတာ ဖြစ်ပါတယ်။ လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ ခံစစ်ပိုင်းမှာ ဒန်နီ ကာဗာဟယ်နဲ့ အီဒါ မီလီတာအို တို့ကတော့ ကာလရှည်ကြာ အနားယူနေရဦးမှာ ဖြစ်ပြီး ဝါရင့် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဒေးဗစ် အလာဘာ ကတော့ ကြံ့ခိုင်မှု မကောင်းတာကြောင့် ဘယ်အချိန် အနားပြန်ယူရမလဲ မသိတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်တိုနီယို ရူဒီဂါ ဒဏ်ရာကနေ ပြန်လည် သက်သာလာတာက ရီးရဲလ်မက်ဒရစ် အတွက် သတင်းကောင်း ဖြစ်ပြီး ဒီကစားသမားက ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင် ကစားသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် လာလီဂါ အမှတ်ပေးဇယားမှာ အဆင့် ၁ နေရာက ဘာစီလိုနာနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ် မှာတော့ ရီးရဲလ်မက်ဒရစ်က ၁၆ သင်း အဆင့်ကို တက်လှမ်းထားခဲ့ပြီးတော့ လာလီဂါ မြို့ခံ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.